ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး ခေါ် အင်းဆက်ကောင်များ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် ကျောက်ကြမ်းပိုး ရှာဖွေသူများပြား

ပူတာအို၊ စီးပွားရေး

ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး ခေါ် အင်းဆက်ကောင်များ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် ကျောက်ကြမ်းပိုး ရှာဖွေသူများပြား

ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ကျောက်ကြမ်းပိုး ခေါ် အင်းဆက်ကောင်များအား ယခင်နှစ်ထက်ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ကြမ်းပိုး ရှာဖွေသူများပြားလာကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

ပူတာအိုဒေသတွင် ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလမှ မတ်လအထိသာ တွေ့ရှိရသည့်ကျောက်ကြမ်းပိုး ခေါ် အင်းဆက် နွယ်ဝင်အမျိုးအစားဖြစ်ပြီး အကောင်ကြီးနှင့် အကောင်သေးဟူ၍နှစ်မျိုးရှိရာ အကောင်အသေးအမျိုး အစားတစ်မျိုးသာလျှင် ဈေးနှုန်းပိုရရှိသည်။

ယခင်နှစ်က ကျောက်ကြမ်းပိုး နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် ၇၀၀၀၊ ၁၀၀၀၀ ကြားဈေးရရှိခဲ့ပြီး ယခုနှစ်တွင် နို့ဆီဘူးတစ်ဘူးလျှင် တစ်သောင်းနှင့်တစ်သောင်းခွဲကြား၊ တစ်ပိဿာလျှင် တစ်သိန်းခုနစ်သောင်းနှင့် နှစ်သိန်းဈေးရရှိသဖြင့် မြစ်ချောင်းကမ်းစပ်များတွင် ကျောက်ကြမ်းပိုးရှာဖွေသူ များပြားလာခြင်းဖြစ်သည်။

ကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် လူသူအရောက်အပေါက်နည်းသော ချောင်းများ၊ ချောင်းစပ် ကျောက်ကြို ကျောက်ကြားများတွင် ခိုအောင်းနေထိုင်လျက်ရှိပြီး မနက်ပိုင်းတွင် ကျောက်ခဲများကို လှန်၍ရှာဖွေရသလို ညနေပိုင်းအစာရှာ ထွက်ချိန်တွင် ဝါး၊ ခြင်းတောင်း၊ ဆန်ခါခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိသည်။

အဆိုပါ ကျောက်ကြမ်းပိုး အင်းဆက်ကောင်များသည် ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါင်လန်ဖူးနှင့်ပန်နန်းဒင် စသည့် မြို့နယ်များရှိ မုန်လန်ချောင်း၊ နမ်ရင်ချောင်း၊ ကဆန်ချောင်းနှင့်မေခ၊ မလိခမြစ်တို့တွင် အဓိကထွက်ရှိကြောင်း သိရသည်။          

ဖုန်ကန်(ပူတာအို)