၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို မကွေးတိုင်းဒေသကြီး အသင်းကရရှိ

၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို မကွေးတိုင်းဒေသကြီး အသင်းကရရှိ

နေပြည်တော်  နိုဝင်ဘာ   ၃

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ်   ပြည်နယ်နှင့် တိုင်းဒေသကြီး  အသက် ၁၆ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ    ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင်  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားသို့  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ တပ်မတော်မှအရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊   ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဘောလုံးဝါသနာရှင်များ   တက်ရောက်ကြည့်ရှု အားပေးကြသည်။

ရှေးဦးစွာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မကွေးတိုင်းဒေသကြီး အသင်းနှင့်  ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မကွေးတိုင်းဒေသကြီး အသင်းက    ကချင်ပြည်နယ် အသင်းကို ၄ ဂိုး ဂိုးမရှိဖြင့်   အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က   အကောင်းဆုံး ဂိုးသမားဆုရ မောင်သူရဇော် (တနင်္သာရီတိုင်းဒေသကြီးအသင်း)ကို လည်းကောင်း၊  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က အကောင်းဆုံးနောက်တန်း ကစားသမားဆုရ မောင်မင်းထက်ဇော်(ကချင်ပြည်နယ်အသင်း)နှင့် အကောင်းဆုံး အလယ်တန်း ကစားသမားဆုရ မောင်အောင်ခန့်ဖြိုး   (ရန်ကုန်တိုင်းဒေသကြီးအသင်း)ကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး ဦးမြင့်စိုးက  အကောင်းဆုံး ရှေ့တန်းကစားသမားဆုရ မောင်ဝင်းပြည့်မောင် (မကွေးတိုင်းဒေသကြီးအသင်း)ကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရ  မောင်ဆက်ပိုင်ထွန်း (မကွေးတိုင်းဒေသကြီးအသင်း) ကိုလည်းကောင်း တစ်ဦးချင်း အကောင်းဆုံး ဆုတံဆိပ်များနှင့် ငွေသားဆုများကို   ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က စတုတ္ထ ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အသင်းအား ငွေသားဆုကို လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဗိုလ်ချုပ်အောင်လင်းထွန်းက   တတိယဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကို လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ဒုတိယဆုရရှိသည့် ကချင်ပြည်နယ်အသင်းအား  တစ်ဦးချင်း ဆုတံဆိပ်များနှင့်    ငွေသားဆုကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက  ပထမဆုရရှိသည့် မကွေးတိုင်းဒေသကြီး အသင်းအား   တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။

၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၁၆ နှစ်အောက်    အမျိုးသား ဘောလုံးပြိုင်ပွဲကို  မြန်မာဘောလုံး အားကစား လောကအဆင့်အတန်း  ဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရန်နှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍    အောက်တိုဘာ ၂၀  ရက်မှ နိုဝင်ဘာ ၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး  ပြိုင်ပွဲဝင် အသင်းပေါင်း ၁၃ သင်းမှ  အားကစားသမား စုစုပေါင်း ၂၉၇ ဦးပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။