စပိန်လက်ရွေးစင်အသင်း ဂိုးသမားကီပါ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေသည့်အတွက် ဒီဂီယာကို အစားထိုး ရွေးချယ်ဖွယ်ရှိ

စပိန်လက်ရွေးစင်အသင်း ဂိုးသမားကီပါ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိနေသည့်အတွက် ဒီဂီယာကို အစားထိုး ရွေးချယ်ဖွယ်ရှိ

စပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်က ချယ်လ်ဆီးအသင်းမှ ဂိုးသမား ကီပါအနေဖြင့် ဒဏ်ရာ ကြောင့်  ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲကို  လွဲချော်ဖွယ်ရှိနေသည့်အတွက်  ၎င်း၏နေရာ၌  မန်ယူအသင်းမှ ဂိုးသမားဒီဂီယာကို အစားထိုး ရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။

စပိန်လက်ရွေးစင် အသင်းနည်းပြ အင်းနရစ်အနေဖြင့် ယခုလဆန်းပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပဏာမကစားသမား  ၅၅  ဦးစာရင်းကို   ထုတ်ပြန် ကြေညာရာတွင်  ချယ်လ်ဆီးအသင်း ဂိုးသမားကီပါ ပါဝင်ခဲ့သော်လည်း  ဒီဂီယာမှာ  ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။

ယခုဘောလုံးရာသီတွင်  ချယ်လ်ဆီး အသင်းနှင့် အတူ တစ်ကျော့ပြန်လည် လက်စွမ်းပြသလျက်ရှိပြီး ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ခွင့်ရရှိနေသည့်  ကီပါသည် အောက်တိုဘာ ၂၉ ရက်က ကစားသည့် ချယ်လ်ဆီးအသင်းနှင့် ဘရိုက်တန် အသင်းတို့ပွဲစဉ်တွင် ခြေဖဝါးဒဏ်ရာ ရရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ အနားယူနေရပြီး ၎င်းအနေဖြင့် ဒဏ်ရာမှာ စိုးရိမ်စရာ မရှိသော်လည်း  ရက်သတ္တပတ်  အနည်းငယ် အနားယူရန် လိုအပ်နေသည့်အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီအထိ အသင်း၏ပွဲစဉ်များကို ပါဝင်နိုင်မည်မဟုတ်ဘဲ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်ဖွယ် ရှိနေသည့်အတွက် နည်းပြ အင်းနရစ်အနေဖြင့် ၎င်း၏နေရာ၌   တခြားဂိုးသမား တစ်ဦးနှင့် အစားထိုးရမည်ဖြစ်သည်။

နည်းပြအင်းနရစ်၏   စပိန်လက်ရွေးစင်အသင်း အတွက် ပဏာမ ဂိုးသမားစာရင်းတွင် ကီပါနှင့်အတူ ဘီလ်ဘာအိုအသင်းမှ ဆိုင်မွန်၊ ဘရိုက်တန်အသင်းမှ ဆန်းချက်ဇ်၊ ဘရန့်ဖို့ဒ်အသင်းမှ ရာယာ၊ ဂီတာဖေး အသင်းမှ ဆိုရီယာတို့ ပါဝင်ခဲ့ကြပြီး ယခုအခါ ကီပါ အနေဖြင့် ဒဏ်ရာကြောင့် ပါဝင်နိုင်ရန် ရာခိုင်နှုန်း နည်းပါးနေ၍ ဒီဂီယာကို အစားထိုး ရွေးချယ်ဖွယ်ရှိကြောင်း သိရသည်။