ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄၄ ဦးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၄၄ ဦးတွေ့ရှိ

နေပြည်တော် နိုဝင်ဘာ ၇

    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို   အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၆-၁၁-၂၀၂၂ ရက်   ည ၈ နာရီမှ ၇-၁၁-၂၀၂၂ ရက်   ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၆၉၅၁ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၄၄ ဦး  တွေ့ရှိရ သဖြင့်  ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၆၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၇၄၇၄၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၂၃၁၈ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၇၄ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၆၅၅၉ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၈၅ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၅-၁၀-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ် ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ စုစု ပေါင်း၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းတို့မှာ ကာကွယ် ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း  တွေ့ရှိရသည်။

နိုင်ငံတကာ သုတေသနတွေ့ရှိချက်များ အရလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံး မှုတို့ကိုလျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို  တွေ့ရှိရသည်။

သို့ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူ များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အား   မဖြစ်မနေထိုးနှံ ထားရှိရန် လိုအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိသည့်အပြင် အသက် ၁၂ နှစ် မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့် အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊  ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင်  ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။