ကျန်းမာစွာအိုမင်းခြင်း

ကျန်းမာစွာအိုမင်းခြင်း

အိုမင်းရင့်ရော်ခြင်းဆိုတာ အရွယ်ရောက်ပြီး အစောပိုင်းကာလတွေမှစတင်ပြီးတော့ သဘာဝအလျောက် စဉ်ဆက်မပြတ် တဖြည်း ဖြည်းချင်းဖြစ်ပွားနေတဲ့ ဖြစ်စဉ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ သက်လတ်ပိုင်းကာလ အစောပိုင်းနှစ်တွေကတည်းက စတင်ပြီးတော့ လူ့ခန္ဓာကိုယ်လုပ်ငန်းစဉ်တွေဟာ အကျဘက်ကိုဦးတည်လာနေတတ်ပါတယ်။ လူတွေမည်သည့်အသက်အရွယ်မှာ အိုမင်းလာမယ် လို့ သတ်မှတ်ချက်မရှိပါဘူး။ ထုံးတမ်းစဉ်လာအားဖြင့်တော့ အသက် ၆၅ နှစ်အထက်ကို လူအိုလို့ သတ်မှတ်လို့ရပါတယ်။ အကြောင်းပြချက်ကတော့ အစဉ်အလာအရ သတ်မှတ်တာပဲဖြစ်ပြီးတော့ ဇီဝဖြစ်စဉ်အရတော့မဟုတ်ပါဘူး။ ဂျာမနီမှာ ပင်စင်ယူတဲ့ အသက်ကို ၆၅ နှစ်အဖြစ် လွန်ခဲ့သော နှစ်ကာလများကတည်းက သတ်မှတ်ထားပါတယ်။ ဒါဟာဆိုရင် ကမ္ဘာပေါ်မှာ ပထမဆုံး ပင်စင်နဲ့ပတ်သက်တဲ့ ပရိုဂရမ်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေဟာလည်း ဂျာမနီအတိုင်း လိုက်လုပ်ကြတာတွေ့ရပါတယ်။

လူတစ်ဦးဟာ ဘယ်အချိန်အိုလာပြီဆိုတာကို နည်းလမ်းမျိုးစုံနဲ့ ပြောနိုင်ပါတယ်။

  • နှစ်ကာလကြာညောင်းလာမှုအရ အသက်အရွယ် -ဒါကတော့ မွေးစမှတဖြည်းဖြည်း အချိန်တွေ ဖြတ်သန်းလာမှုအပေါ် မူတည် ပြောခြင်းဖြစ်ပါတယ်။ အသက်အရွယ်အရ အိုမင်းခြင်းနှင့်အတူ ကျန်းမာရေးအရ ကန့်သတ်ချက်တွေရှိပါတယ်။ အသက်ကြီး လာတာနဲ့အမျှ ကျန်းမာရေးပြဿနာရှိလာနိုင်မှု အချိုးအစားမြင့်တက်လာပါတယ်။ ဒီလိုကျန်းမာရေး ပြဿနာတွေကလည်း အသက်ကြီးလို့ ချို့ယွင်းလာခြင်းမျိုးပဲ ဖြစ်ပါတယ်။ အသက်ရလာတာနဲ့ ကျန်းမာရေး ပြဿနာ ရှိလာနိုင်တာကို မျှော်လင့်ထားနိုင်ပါတယ်။
  • ဇီဝဖြစ်စဉ်အရ အသက်အရွယ်- ဇီဝဖြစ်စဉ်ပြောင်းလဲမှုကြောင့် ရလာတဲ့အသက်ဆိုတာကတော့ ခန္ဓာကိုယ်အတွင်းဆဲလ်များ၊ မော်လီကျူးများပြောင်းလဲမှုကြောင့် ရလာတဲ့အသက်ဖြစ်ပါတယ်။ ထိုသို့ပြောင်းလဲမှုဟာ ပုံမှန်အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်တတ်သော်လည်း အချို့သူတွေမှာ စောစောစီးစီး ဇီဝရုပ်ပိုင်းအသက်ကြီးရင့်ပြီး အချို့မှာမူ နောက်ကျမှသာ ဇီဝရုပ် အသက်ကြီးလာတတ်ပါတယ်။ ဆိုလိုတာကတော့ အသက် ၆၅ နှစ်ချင်းအတူတူ လူနှစ်ဦးမှာ ဇီဝရုပ်ပိုင်းအသက်တွေက မတူနိုင်ပါဘူး။ တစ်ဦးက ဇီဝရုပ်ပိုင်းဆိုင်ရာ ပိုမိုအိုမင်းသော်လည်း ကျန်တစ်ဦးမှာ သက်တူရွယ်တူဆိုပေမယ့် ထိုသူလောက်  အိုမင်းရင့်ရော်မှု မတွေ့ရနိုင်ပါဘူး။ သက်တူရွယ်တူချင်းဆိုပေမယ့် ရှိရင်းစွဲအသက်ထက် ပိုမိုနုပျိုတာ ပိုမိုအိုမင်းတယ်လို့ ထင်ရတာတွေဟာ   စားသောက်နေထိုင်မှုပုံစံတွေ အလေ့အကျင့်တွေကြောင့်ဖြစ်ပါတယ်။
  • စိတ်ပိုင်းဆိုင်ရာအရ အသက်အရွယ်- စိတ်ပိုင်းဆိုင်ရာအသက်ကတော့ လူတစ်ဦးဟာ မည်သို့ပြုမူလုပ်ဆောင် ခံစားတတ် တယ်ဆိုတာပေါ်မူတည်ပြီး သတ်မှတ်ထားတာပါ။ ဥပမာ- အသက် ၈၀ အရွယ် လူတစ်ဦးဟာ အလုပ်လုပ်ဖို့၊ စီမံချက်တွေ ချပြီး အနာဂတ်အတွက်လုပ်ဆောင်ဖို့ လုပ်နေဆဲဆိုရင် သူဟာ ရှိရင်းစွဲအသက်ထက် စိတ်ပိုင်းဆိုင်ရာအရ ငယ်တယ်လို့ပဲ ဆိုရမှာပါ။

အနောက်နိုင်ငံတွေမှာတော့ လူအိုပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တွေရှိပါတယ်။ ဒါပေမဲ့ လူအများစုကတော့ အသက် ၇၀၊ ၇၅ သို့မဟုတ် ၈၀ လောက်အထိတော့ အဆိုပါ လူအိုပိုင်းဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေရဲ့ အကြံဉာဏ်တွေ၊ ကုထုံးတွေမလိုအပ်ပါဘူး။

ပုံမှန်အတိုင်းအသက်အရွယ်ကြီးရင့်လာခြင်း

လူတွေဟာ သူတို့တွေ့ကြုံနေရတဲ့ အသက်ကြီးရင့်လာမှုတွေဟာ ပုံမှန်လား ပုံမှန်မဟုတ်ဘူးလားဆိုတာ သိချင်ကြပါတယ်။ လူတွေ သည် တစ်ဦးနှင့်တစ်ဦး အသက်ကြီးရင့်လာမှုပုံစံမတူညီကြပါဘူး။ များသောအားဖြင့်တော့ အသက်ရလာတာနဲ့အမျှ ခန္ဓာအတွင်း ပိုင်းက ဖြစ်ပေါ်လာမှုတွေကြောင့် ပြောင်းလဲမှုတွေ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ ဒါမျိုးကို ပုံမှန်အတိုင်း အသက်ကြီးခြင်းလို့ ခေါ်ပါတယ်။ ဒီလိုပုံမှန်အသက် ရလာလို့ ကြုံတွေ့ရမှုတွေဟာ အသက်ရှည်ရှည်နေရသူတိုင်း မကြုံချင်သော်လည်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုဟာမျိုးတွေလဲဆိုရင် ဥပမာ- အသက်ရလာ တဲ့အခါ မျက်စိမှုန်လာတာမျိုးတွေပါ။

ဒါပေမဲ့ ဘယ်လိုပြောင်းလဲယိုယွင်းမှုတွေဟာ ပုံမှန်အသက်အရွယ်ရလာလို့ ဖြစ်တတ်တာပဲဆိုတာမျိုးက ပြောရခက်ပါတယ်။ အသက်ကြီးရင့်လာရင်တော့ တစ်ခုခုတော့ ချို့ယွင်းလာတတ်ကြပါတယ်။ သို့သော်လည်း လူတွေအနေနဲ့အချို့သော အသက်အရွယ် အရ ပြောင်းလဲယိုယွင်းလာတတ်မှုတွေကို ထိန်းညှိနိုင်ဖို့ လုပ်ဆောင်နိုင်ကြပါတယ်။ ဥပမာ- လူအိုတစ်ယောက်ဟာ သွားတွေယိုင်နဲ့ လာနိုင်ပါတယ်။ ဒါကို ထိန်းသိမ်းနိုင်ဖို့ အချိုတွေလျှော့စားခြင်း၊ သွားပုံမှန်တိုက်ခြင်းနှင့် သွားဆရာဝန်နဲ့   ပုံမှန်ပြသခြင်းစတာတွေကို ပုံမှန်လုပ်ဆောင်လာခဲ့မယ်ဆိုရင် အသက်ကြီးလာပေမယ့် သွားတွေနဲ့လာတာ သွားတွေကျိုးတာမျိုးတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

အသက်ကြီးလာလို့ လက်တွေ့လုပ်ဆောင်နေတာတွေ ယုတ်လျော့လာမှုဟာ တစ်ခါတလေမှာ ရောဂါကြောင့် ယုတ်လျော့လာမှုတွေ နဲ့ ဆင်နေတတ်ပါတယ်။ ဒါဟာ အသက်ရလာလို့ဖြစ်တာလား၊ သို့တည်းမဟုတ် ရောဂါကြောင့်ဖြစ်တာလားဆိုတာ ခွဲရခက်တတ်ပါ တယ်။ ဥပမာ- အသက်ရလာတာနဲ့အမျှ စိတ်ပိုင်းမှတ်ဉာဏ်ပိုင်းပြောင်းလဲမှုတွေ ယုတ်လျော့မှုတွေရှိတတ်တာ ပုံမှန်ပါ။ ဘယ်လိုမျိုးတွေလဲဆိုရင် ဘာသာစကားအသစ်တွေ သင်ယူရခက်လာတာ၊ အာရုံစူးစိုက်နိုင်စွမ်းကျလာတာ၊ မေ့တတ်လာတာ မျိုးတွေဟာ အသက်ရလာတာနဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ စိတ်ယုတ်လျော့ပြီး မေ့လာတတ်တဲ့ရောဂါ (Dementia) မျိုးဖြစ်တာဆိုရင် ပိုမိုပြင်းထန်တတ်ပါတယ်။ ၎င်းရောဂါခံစားနေရသူတွေဟာ တစ်စိတ်တစ်ပိုင်းမေ့တတ်တာ၊ ဒါမှမဟုတ် ဖြစ်စဉ်တစ်ခုလုံးကို လုံးလုံးလျားလျား မေ့တတ်တာမျိုးတွေ ဖြစ်တာပါ။ ထို့ပြင် အဆိုပါရောဂါသည်ဟာ နေ့စဉ် လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရန်ပါ ခက်ခဲတတ်ပါတယ်။ ပတ်ဝန်းကျင်ကို နားလည်နိုင်စွမ်းခက်လာတတ်ပါတယ်။ အဲ့ဒီရောဂါ ဟာ ငယ်ရွယ်သူတွေမှာဖြစ်လေ့မရှိဘဲ အသက်ကြီးမှသာ ဖြစ်တတ်တာပါ။ ဒါကြောင့် ပုံမှန်အသက်ကြီးလာလို့ ဖြစ်တာလား အဆိုပါ ရောဂါခံစားရလို့ဖြစ်တာလားဆိုတာ သေချာခွဲတတ်ဖို့လိုပါတယ်။ အဆိုပါရောဂါ ခံစားနေသူတွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေဟာ ပုံမှန်အသက်ကြီးလို့ ဦးနှောက်ပိုင်း ယုတ်လျော့လာတာတွေနဲ့ မတူပါဘူး။ တစ်ခါတလေမှာတော့ ရောဂါကြောင့် မေ့တတ်တဲ့ရောဂါဖြစ်တာလား၊ အသက်ကြီးလို့ဖြစ်တာလားဆိုတာကို ခွဲခြားရခက်တတ်ပါတယ်။ နောက်ဥပမာတစ်ခုပေးရရင် လူတွေအသက်ကြီးလာရင် အစာစားပြီးနောက် သွေးတွင်းသကြားဓာတ် မြင့်တက်လာမှုဟာ အသက်ငယ်သူတွေထက် ပိုများပါတယ်။ ဒီလိုမြင့်တက်တတ်မှုဟာ လူအိုတွေအတွက်ပုံမှန်ပါပဲ။ သို့သော်ငြား လူအိုဆိုပေမယ့် ထိုသို့မြင့်တက်မှုဟာ အတိုင်းအဆများမယ် ဆိုရင်တော့ ဆီးချိုရောဂါ ရနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဆိုလိုတာက ဆီးချိုရောဂါကြောင့်လား အသက်ကြီးလာလို့လားဆိုတာကို ဆုံးဖြတ်ရာမှာ သွေးတွင်းသကြားဓာတ်တိုင်းတာမှု အမှတ်အသားတစ်ခုနဲ့သာ ဆုံးဖြတ်တာပဲဖြစ်ပါတယ်။

ကျန်းမာစွာ အသက်ကြီးရင့်ခြင်း

ကျန်းမာစွာ အသက်ကြီးရင့်လာခြင်းဆိုတာကတော့ အသက်ကြီးလာလို့ ဖြစ်တတ်တာ၊ ချို့ယွင်းတတ်တာတွေကို လျှော့ချခြင်း သို့မဟုတ် အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ထားနိုင်ခြင်းကို ဆိုလိုတာပါ။ ကျန်းမာစွာ အသက်ကြီးခြင်းရဲ့ ဦးတည်ချက်ကတော့ ရောဂါဘယကင်းရှင်းပြီး စိတ်ပိုင်းရော ရုပ်ပိုင်းပါအမှီအခိုကင်းကင်းနဲ့ လှုပ်ရှားသွားလာနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လူအများစုဟာ အသက် ရလာတာနဲ့အမျှ ကျန်းမာဖို့ထိန်းသိမ်းမှုတွေ ပိုမိုလုပ်ဆောင်လာဖို့လိုအပ်ပါတယ်။ ကျန်းမာတဲ့နေထိုင်မှု ပုံစံတွေဖြစ်တဲ့ အာဟာရရှိစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာတက်ကြွမှုရှိခြင်း စတဲ့အချက်တွေကို လိုက်နာလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါအချက်တွေကို မြန်မြန်လုပ်ဆောင်လေ ကောင်းလေပါပဲ။ ဒါပေမဲ့ နောက်ကျတယ်ဆိုတာမျိုးမရှိပါဘူး။ စလုပ်ဖြစ်ဖို့ပဲလိုတာပါ။ ၎င်းနည်းလမ်းတွေ ကျင့်သုံးခြင်းဖြင့် လူတွေဟာ အသက်ကြီးလို့ ကြုံတွေ့လာရမယ့်အချက်တွေကို ထိန်းချုပ် နိုင်ကောင်းထိန်းချုပ်နိုင်မှာပါ။

မျှော်မှန်းသက်တမ်း

မျှော်မှန်းသက်တမ်းတွေမှာဆိုရင် အမျိုးသမီးများဟာ အမျိုးသားတွေထက် ပျမ်းမျှအားဖြင့် အသက်ပိုရှည်ရှည်နေရတတ်ပါတယ်။ အကြောင်းကတော့ အမျိုးသားများဟာ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုပိုများ တတ်တာတွေကြောင့် ဖြစ်ပါတယ်။ ပျမ်းမျှမျှော်မှန်း သက်တမ်းတွေတိုးလာပေမယ့်လည်း လူတစ်ယောက်ရဲ့ အသက်ရှင်သန်နေနိုင်မှု အတိုင်းအတာကတော့ အများကြီး မပြောင်းလဲ သေးပါဘူး။ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးဆိုတဲ့ နေထိုင်မှုပုံစံနဲ့ ကြီးပြင်းလာမယ်ဆိုရင်တောင်မှ လူတစ်ဦးဟာ အမြင့်ဆုံး အသက်ရှင် နေနိုင်ဖို့အခွင့်အလမ်းက အသက် ၁၂၀ ထိသာဖြစ်ပါတယ်။ ပိုလည်း နည်းနည်းပါးပါးပါပဲ။ လူတွေရဲ့ မျှော်မှန်းသက်တမ်းကို   လွှမ်းမိုးနေသော အဓိကအချက်များ ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်-

  • မိသားစုမျိုးရိုးဗီဇ- မျိုးရိုးဗီဇဟာဆိုရင် လူရဲ့ကျန်းမာရေးကို အတော်လွှမ်းမိုးမှုရှိပါတယ်။ ဥပမာ- သွေးတွင်းအဆီဓာတ်များတဲ့ မျိုးရိုးဗီဇကိုဆက်ခံထားသူဆိုရင် အသက်တိုမှာပါ။ ကင်ဆာတို့၊ နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ကာကွယ်နိုင်တဲ့ မျိုးရိုး ဗီဇရှိရင် အသက်ရှည်ရှည်နေရမှာပါ။ ယေဘုယျတွေ့ရှိချက်ကတော့ အသက်ရှည်တဲ့ မိသားစုမျိုးရိုးရှိသူတွေဟာ အသက်ရှည် ရှည်နေရတာကိုတွေ့ရပါတယ်။
  • စားသောက်နေထိုင်မှုပုံစံ- ဆေးလိပ်ရှောင်ခြင်း၊ အရက်နှင့်မူးယစ်ဆေးရှောင်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစာများကိုသာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း စတာတွေဟာ ကောင်းမွန်စွာ နေထိုင်ရှင်သန်နိုင်ပြီး ရောဂါဘယကင်းမှာဖြစ်ပါတယ်။
  • ပတ်ဝန်းကျင်ရှိ   အဆိပ်အတောက်များကို ရှောင်ခြင်း- ပတ်ဝန်းကျင်မှာရှိတဲ့ အဆိပ်အတောက်များကို နေ့စဉ်ထိတွေ့နေရမှု တွေဟာ အသက်တိုစေပါတယ်။ ထိုသို့ ထိတွေ့မှုနေသူတွေဟာ အသက်ရှည်တဲ့ မျိုးရိုးရှိသူတွေဆိုရင်တောင်မှ အသက်တို စေပါတယ်။
  • ကျန်းမာရေးဂရုပြုခြင်း- ရောဂါဖြစ်ပြီလို့ သံသယဝင်တာနဲ့ ကုသမှုခံယူခြင်း၊ ကိုယ့်ကျန်းမာရေးကို ဂရုအမြဲစိုက်နေခြင်း တို့ဟာ   ရောဂါဖြစ်ရင်တောင်မှ စောစောသိစောစောကုသမှုခံယူခြင်းဖြင့် အသက်ရှည်စေနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ဆောင်ရွက်မှု

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ကြေညာချက်အရဆိုရင် ၂၀၂၁-၂၀၃၀ ဆယ်စုနှစ်ကို ကျန်းမာစွာအိုမင်းခြင်းဆိုင်ရာ ဆယ်စုနှစ်အဖြစ် သတ်မှတ်ထားပါတယ်။ အစိုးရတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ မီဒီယာတွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေဟာ သက်ရှည်ကျန်းမာတဲ့ ဘဝတွေရရှိနိုင်ကြဖို့ကို ပူးပေါင်းလုပ်ဆောင်ကြဖို့လိုအပ်မှာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သက်ရှည်ကျန်းမာတဲ့ လူအိုတွေဘဝမျှော်မှန်းနိုင်ဖို့ ကျန်းမာရေးဆိုင်ရာ မညီမျှမှုတွေလျှော့ချဖို့နဲ့ လူအိုတွေ ဘဝတိုးတက်စေဖို့ လုပ်ဆောင်ကြရမှာဖြစ်သလို သူတို့ရဲ့မိသားစုတွေနဲ့ အသိုင်းအဝိုင်းတွေအနေနဲ့လည်း အဓိက အပိုင်းလေးရပ်မှာ ပူးပေါင်းလုပ်ဆောင်ကြရမှာပါ။ ဘာတွေလဲဆိုတော့ အိုမင်းလာမှုတွေနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေ၊     ပြုမူတုံ့ပြန်ပုံတွေ ပြောင်းလဲရပါမယ်။ လူအိုတွေရဲ့စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်မယ့် အဖွဲ့အစည်းအဝန်းအဝိုင်းမျိုးတွေ ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ရပါမယ်။ လူအိုတွေအတွက် ကျယ်ပြန့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပြုစုမှုတွေပေး နိုင်အောင် လုပ်ရပါမယ်။ နောက်ဆုံးအနေနဲ့ကတော့ လူအိုတွေကို သတ်မှတ်အရည်အသွေးအပြည့်ရှိတဲ့ ကာလရှည်စောင့်ရှောက်မှုတွေပေးနိုင် ရေး လုပ်ဆောင်ကြရမှာပဲဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် ၂၀၁၅ နှင့် ၂၀၅၀ ကြားမှာ အသက် ၆၀ အထက် လူဦးရေအချိုးအစားဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၂ မှ ၂၂ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါတယ်။ ၂၀၂၀ မှာ အသက် ၆၀ ထက် လူဦးရေဟာ အသက် ၅ နှစ်အောက် ကလေးဦးရေထက် ပိုသာလွန်နေတာကို တွေ့ရှိရပါတယ်။ ၂၀၅၀ မှာ အသက်အရွယ်ကြီးသူများရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာဆိုရင် ဝင်ငွေနိမ့်နဲ့ ဝင်ငွေအလယ် အလတ် တိုင်းပြည်တွေမှာ နေထိုင်ကြသူတွေ ဖြစ်လာတော့မှာပါ။ လူအိုအချိုးအစား အရေအတွက်ဟာ လျင်မြန်စွာ တိုးတက်လာ နေတာ တွေ့ရှိရမှာဖြစ်ပါတယ်။ သက်ကြီးရွယ်အို အချိုးအစား မြင့်မားလာတာနဲ့အတူ နိုင်ငံတိုင်းဟာကျန်းမာရေးနှင့် လူမှုရေး စနစ်တွေမှာ အဓိကကျတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းကြရမှာ ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။    ။

ကိုဇေ