(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဘားအံ  နိုဝင်ဘာ  ၈

 (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အားကစားနည်းများထဲမှ တစ်ခုအပါအဝင် ဖြစ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်း၌ ကျင်းပသည်။

၂၀၂၂ ခုနှစ် (၆၇)နှစ်မြောက်  ကရင်ပြည်နယ်နေ့အထိမ်းအမှတ်  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ပွဲအမျိုးအစား အနေနဲ့ကတော့ ကြားအထူးပွဲရှိသလို ကျွန်တော်တို့ ၇ သိန်း၊ ၁၀ သိန်း၊ ၁၅ သိန်းကျပ် ရိုးရာအောင်လံ၊   ပြီးရင်  စာချုပ်စိန်ခေါ်ပွဲစုစုပေါင်း ၂၂ ပွဲကို  သုံးရက်တိတိ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ဖြစ်အောင် တင်ဆက်ပေးထားခြင်းဖြစ်ပါတယ် ဟု  ကရင်ပြည်နယ်အားကစားနှင့်  ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစတင်အောင်မြင့်ဦးက ပြောသည်။ 

အဆိုပါ ရိုးရာလက်ဝှေ့ပြိုင်ပွဲကို  ၂၀၂၂  ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ     ကျင်းပသွားမည် ဖြစ်ကာ နိုဝင်ဘာ ၇ ရက်က တက်လူ(သုံးပန်လှ)နှင့်ကျောက်ရိုင်း(ဓမ္မဟေဝန်)၊   ထူးသူးဖိုး(တိုက်ဂါး)နှင့် စိုးမင်းထိုက် (အဲကညော)၊   သွေးရိုင်းလေး(ဒေါနပွင့်သစ်)နှင့် ချစ်မောင်မောင်(ဖလုံပညာတဝေါင့်)၊ မင်းမောင်မောင်(တောင်ကလေး)နှင့် သွေးသစ်အောင်(ဒေါနပွင့်သစ်)၊ စူးခလိန်းမင်း(စက်ရုံ)နှင့်  နေထူးထူး (တောင်ကလေး)တို့ ယှဉ်ပြိုင်ထိုးသတ်ကြပြီး  အခြားပွဲစဉ်များလည်း ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

(၆၇)နှစ်မြောက်ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲအဖြစ် ယခုမြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲများအပြင် ဒုံးအကပြိုင်ပွဲများ၊  ဌာနဆိုင်ရာပြခန်းများ ခင်းကျင်းပြသခြင်း၊    ဒေသထွက်ကုန် အရောင်းပြခန်းများ ပြသခြင်း၊ စင်တင်တေးဂီတဖျော်ဖြေပွဲများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံ တိုင်းရင်းသား ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)