ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း၌ YBS ခရီးသည်တင်ယာဉ်ပေါ်၌ အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်း၌ YBS ခရီးသည်တင်ယာဉ်ပေါ်၌ အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၉

          ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးဘူတာရုံလမ်းနှင့် သမိုင်း (၇)လမ်းထိပ်တွင် YBS ယာဉ်လိုင်း အမှတ် (၆၁)ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီး ၁ ဦးနှင့် အခြားခရီးသည်များထံမှ လက်ကိုင်ဖုန်းများအား အုပ်စုဖွဲ့၍ ရိုက်နှက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ သတင်းပေးပို့တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။

          ထိုသို့ ပိတ်ဆို့စစ်ဆေးမှုများနှင့် နယ်မြေအတွင်း သတင်းစုံစမ်းဖော်ထုတ်ချက်များအရ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှိုင်သာယာမြို့နယ်၊ အောင်ဇေယျ တံတားထိပ်နှင့် အင်းစိန်မြို့နယ်၊ ပေါက်တောဝမီးပွိုင့်အနီး၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် တံတားထိပ်၊ လှိုင်သာယာမြို့နယ်တို့အတွင်း အဖွဲ့ငယ်များဖွဲ့ကာ စောင့်ဆိုင်းနေစဉ် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း ယာဉ်မောင်း အောင်မိုးသန်း(ခ)ရှီးဗားကမား မောင်းနှင်လာသည့်TNI/GG-5704 Probox အဖြူရောင် ယာဉ်အား သတင်းအရ ပိတ်ဆို့ဖမ်းဆီးစစ်ဆေးခဲ့ရာ မင်းသိန်းနိုင်(ခ)ကတုံး (၂၃)နှစ် (ဘ)ဦးရန်နိုင်စိုး၊ အောင်မိုးသန်း(ခ)ရှီဗားကမား(၃၇)နှစ် (ဘ)ဦးခင်လတ်၊ ပြည့်ဖြိုးမောင်(ခ)ဖြိုးမောင်(၂၀)နှစ် (ဘ)ဦးမောင်၊ ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်(၁၉)နှစ် (ဘ)ဦးဆန်းဝင်း၊ လှိုင်ဖြိုးမောင်(၁၉)နှစ် (ဘ)ဦးမောင်မောင်၊ အောင်ကျော်ဆန်း(ခ)ဆီတုံး(၂၉)နှစ် (ဘ)ဦးလှဝင်း၊ မျိုးမင်းအောင်(ခ)မျိုးမြတ်(၂၂)နှစ် (ဘ)ဦးမောင်မောင်စိုး နှင့် ဝင်းထူး(ခ)ဆံရှည်(၂၂)နှစ် (ဘ)ဦးပြုံးချိုတို့ ၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။

          ဖမ်းဆီးရမိသူ မင်းသိန်းနိုင်(ခ)ကတုံးပါ ၈ ဦးတို့အား စိစစ်ဖော်ထုတ်ချက်အရ လုယက်မှုအား မင်းသိန်းနိုင်(ခ)ကတုံးက ဦးဆောင်ကာ ကျူးလွန်ခဲပြီး အောင်မိုးသန်း(ခ)ရှီးဗားကမား၊ ပြည့်ဖြိုးမောင် (ခ)ဖြိုးမောင်၊ ထွန်းထွန်းဦး(ခ)ဖိုးသင်္ကြန်၊ လှိုင်ဖြိုးမောင်၊ အောင်ကျော်ဆန်း(ခ)ဆီတုံး၊ မျိုးမင်းအောင် (ခ)မျိုးမြတ်၊ ဝင်းထူး(ခ)ဆံရှည်နှင့် နေဇော်(ခ)နေအောင်(ဖမ်းဆီးရန်ကျန်)တို့က လုယက်မှုကျူးလွန် နိုင်ရေး အသီးသီးပူးပေါင်းပါဝင်ခဲ့ကြကြောင်း နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မင်းသိန်းနိုင်(ခ)ကတုံးပါ ၉ ဦးတို့သည် အောင်မိုးသန်း(ခ)ရှီးဗားကမား မောင်းနှင်သည့် TNI/GG-5704 Probox ယာဉ်အား စီးနင်းကာ ဘုရင့်နောင်လမ်း၊ သမိုင်းဘူးတာရုံလမ်းပေါ်ရှိ ကြေွ ၁ မှတ်တိုင်သို့ သွားရောက်ခဲ့ကာ ယာဉ်ပေါ်တွင် ယာဉ်မောင်း အောင်မိုးသန်း(ခ)ရှီးဗားကမား ၁ ဦးသာ ကျန်ခဲ့ပြီး ကျန် ၈ ဦးတို့မှာ YBS ယာဉ်အမှတ် - 61 ပေါ်သို့ တက်ရောက်ခဲ့ကြောင်း၊ ဘုရင့်နောင် ဂုံးတံတားအနီးအရောက်တွင် ယာဉ်ပေါ်ပါ အသက်(၂၅)နှစ်ခန့် အမျိုးသား တစ်ဦး၏ ကျောပိုးအိတ် အတွင်းမှ Redmi8 ခရမ်းရောင်လက်ကိုင်ဖုန်းအား မင်းသိန်းနိုင်(ခ)ကတုံးက နှိုက်ယူခဲ့ကြောင်း၊ အသက် (၂၅)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ Samsung A-10 စိမ်းပြာရောင် လက်ကိုင်ဖုန်းအား နေဇော်(ခ)နေအောင် (ဖမ်းဆီးရန်ကျန်)က နှိုက်ယူနေစဉ် အဆိုပါအမျိုးသမီးက အော်ဟစ်အကူအညီ တောင်းသဖြင့် မင်းသိန်းနိုင်(ခ)ကတုံးက သံပိုက်ဖြင့် ပြုလုပ်ထားသော နံကြပ်ကူဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ လုယက်ပြီးနောက် ကားပေါ်မှဆင်းကာ အသင့်စောင့်ဆိုင်းနေသည့် TNI/GG-5704 Probox ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ မင်းသိန်းနိုင်(ခ)ကတုံးပါ ၉ ဦးတို့သည် နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် သာကေတမြို့နယ်အတွင်း၌ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် YBS ယာဉ်လိုင်းအမှတ် - 42 ယာဉ်ပေါ်ရှိ အမျိုးသား တစ်ဦးအား ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကာ ကားပေါ်မှ ဆွဲချပြီး အဆိုပါ အမျိုးသား၏ ကျောပိုးအိတ်အတွင်းမှ Samsung A-50 အမျိုးအစား စိမ်းပြာရောင်ဖုန်း ၁ လုံး၊ MI 5 အဖြူရောင်ဖုန်း ၁ လုံး၊ ငွေစက္ကူ (၅၀၀၀၀ဝိ/-)ကျပ်နှင့် ATM ကဒ် (၃)ခု၊ မှတ်ပုံတင် ၁ ခု၊ ယာဉ်မောင်းလိုင်စင် ၁ ခုတို့အား လုယက်ခဲ့ကြောင်းနှင့် ထိုသို့လုယက်မှု ကျူးလွန်စဉ် AYY/DD-3873 Probox အဖြူရောင်ယာဉ်အား အသုံးပြုခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။

          အထက်ပါ လုယက်မှုများအတွင်း မင်းသိန်းနိုင်(ခ)ကတုံးနှင့် နေဇော်(ခ)နေအောင်တို့က လုယက် ခါးပိုက်နှိုက်ခဲ့ကြပြီး ကျန် ၇ ဦးမှ လုယက်ရာတွင် ဝန်းရံပေးသူ၊ လူကာပေးသူနှင့် အခြေအနေ စောင့်ကြည့်ပေးသူများအဖြစ် ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

          ဖြစ်စဉ်များတွင် အများပြည်သူ စီးနင်းသွားလာလျက်ရှိသည့် YBS ယာဉ်များအတွင်း လုယက်မှု ကျူးလွန်းခဲ့ပြီး ဖမ်းဆီးရမိသူများဖြစ်သည့် မင်းသိန်းနိုင်(ခ)ကတုံးပါ ၈ ဦးတို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် နေဇော်(ခ)နေအောင် အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းနှင် မိဘပြည်သူများအနေဖြင့် ၎င်းတရားခံပြေးအား တွေ့မြင်သိရှိရပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပို့ တိုင်ကြားနိုင်ပါကြောင်းနှင့် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးအရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။