(၄၃)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်

(၄၃)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ  ၉

    (၄၃)ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး  (43rd  ASEAN  SENIOR OFFICIALS  MEETING  ON  DRUG MATTERS)ကို  အောက်တိုဘာ  ၃၁ ရက်မှ  နိုဝင်ဘာ  ၃  ရက်အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Intercontinental Kuala Lumpurဟိုတယ်၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ  မူးယစ်ဆေးဝါးနှင့်  စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့  တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး  ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ ခုနစ်ဦး တက်ရောက်ခဲ့ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆွေးနွေးဖက် နိုင်ငံများဖြစ်သော မလေးရှားနိုင်ငံ အခြေစိုက် သြစတြေးလျနိုင်ငံသံရုံး၊  တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊   ရုရှားနိုင်ငံ၊  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်  မှုခင်းဆိုင်ရာရုံး ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ Online  စနစ်ဖြင့် လည်းကောင်းတက်ရောက်ခဲ့ကြသည်။

အစည်းအဝေးကို   မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန    Secretary General YBhg. Dato'Sri Wan Ahmad Dahln bin Haji Abdul Aziz နှင့်  မလေးရှားနိုင်ငံ   အမျိုးသားမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့  (NADA) ညွှန်ကြားရေးမှူးချုပ် Mr. Sutekno AhMad Belonတို့က အမှာစကား ပြောကြား၍ စတင်ဖွင့်လှစ်ခဲ့ပြီး အာဆီယံဒေသအတွင်း မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ တားဆီးနှိမ်နင်းရေး လုပ်ငန်း၊ ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးရေး လုပ်ငန်း၊ ဆေးကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း၊ အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်း နှင့်သုတေသန လုပ်ငန်းများ ဆောင်ရွက်မှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အာဆီယံကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာ နိုင်ငံများအလိုက် မူးယစ် ဆေးဝါးတားဆီး ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တရားဝင် ထုတ်ပြန်ခဲ့သည့် အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒသစ်တွင်   ပါဝင်သည့် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျှော့ချရေးနှင့် နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေး၊ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ သုတေသန လုပ်ငန်းများ တိုးမြှင့်ရေး၊ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရေးဆိုသည့် လုပ်ငန်းကဏ္ဍ(၅)ရပ်နှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့မှုမှ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၆ သန်းကျော်နှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ အမေရိကန်ဒေါ်လာ ၃၉၃ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ဓာတု ပစ္စည်းများနှင့်အတူ ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း၊  အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ(MoU)ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အစားထိုးဖွံ့ဖြိုးမှု စီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှည်လျား သော  နယ်နိမိတ်ထိစပ်နေပြီး ထိန်းချုပ်ရန် ခက်ခဲခြင်းတို့အပေါ်  အခွင့်ကောင်းယူကာ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နေရာများသို့  တရားမဝင်နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိနေမှုသည် မြန်မာ နိုင်ငံအနေဖြင့် ဓာတုပစ္စည်း အများဆုံးထွက်ရှိသော အိမ်နီးချင်း စက်မှုဖွံ့ဖြိုးသည့် နိုင်ငံကြီးများအကြား တည်ရှိနေသည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ (၇)ကြိမ်မြောက် အာဆီယံ-တရုတ် ဆွေးနွေးညှိနှိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က တရုတ်နိုင်ငံနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့ပြင် (၄၄) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့်   မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။