ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး နေထိုင်မှု ပုံစံသစ် နည်းလမ်းအား လိုက်နာရမည် ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀ ဦးတွေ့ရှိ

ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး နေထိုင်မှု ပုံစံသစ် နည်းလမ်းအား လိုက်နာရမည် ၊ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၀ ဦးတွေ့ရှိ

နေပြည်တော်  နိုဝင်ဘာ  ၉

    ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၈-၁၁-၂၀၂၂ ရက်   ည ၈ နာရီမှ ၉-၁၁-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၉၄၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၇၀ ဦးတွေ့ရှိရသဖြင့်   ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၄၉၄၇၃၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၃၂၄၆၁ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၁၀၃ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၆၇၂၄ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၈၆ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး^ပြည်နယ်များ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ  ၈-၁၁-၂၀၂၂  ရက်နေ့အထိ အသက်  ၁၈  နှစ်နှင့်အထက် လူဦးရေ စုစုပေါင်း ၃၀၇၂၇၆၄၄ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေ စုစုပေါင်း ၆၇၀၇၂၅၀ ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံး မှုအနေဖြင့် လျော့နည်းကျဆင်း လာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းစဉ်မှ  နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၁၈ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက် သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသူများ တွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမို  လျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍  ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူ ယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှု ပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့်-

-  အသက်ငါးနှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီး ဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ကာကွယ် ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာ ကျန်းမာရေးဌာနများ၊   ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊

-  အလုံပိတ်အခန်းများ၊လူထူထပ်သော နေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ ရှိနေစဉ် ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ရန်၊

-  လက်ကို ဆပ်ပြာ၊  ရေ သို့မဟုတ် အယ်လ်ကိုဟော(အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့်  စက္ကန့်  ၂၀  ကြာ မကြာခဏဆေးကြောရန်၊

-  လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊

-  တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊

-  ပါးါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း  စသည့်တစ်ကိုယ်ရေ ကာကွယ် ရေး နည်းလမ်းများကို ဆက်လက် လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။