နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေကို Naypyitaw State Academy က မွေးထုတ် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့လူ့စွမ်းအားအရင်းအမြစ်တွေကို Naypyitaw State Academy က မွေးထုတ် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ အဆိုပါတက္ကသိုလ်၌ကျင်းပသည်။ အဆိုပါ Naypyitaw State Academy ဖွင့်လှစ်ပေးနိုင်ခဲ့မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ ပြောကြားချက်များကိုလည်း မြဝတီပရိသတ်များသိရှိရန် ပြန်လည်မျှဝေလိုက်ရပါသည်...

ဒေါက်တာဝင်းထွန်း၊ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန

Naypyitaw State Academy တည်ထောင်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာ  စဉ်းစား တွေးခေါ်ဖန်တီးမှုကို အားပေးတဲ့   အရည်အသွေးပြည့်ဝတဲ့ သင်ကြား၊ သင်ယူလေ့ကျင့်မှုများမှတစ်ဆင့် အသုံးချသုတေသနနဲ့ တီထွင် ဆန်းသစ်မှုကို အားပေးတဲ့ အဆင့်မြင့်ပညာရပ်များကို   သင်ယူရာ တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန် ရည်ရွယ်ပါတယ်။

Naypyitaw State Academy ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်ကြီးလို နိုင်ငံ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုအဖြစ် ရည်ရွယ်ပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ Naypyitaw State Academy ကို နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းမိသားစုများမှ သားသမီးများနဲ့ နေပြည်တော် ရှစ်မြို့နယ်ဖြစ်တဲ့ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေရဲ့သားသမီး ကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြား သွားမှာဖြစ်ပါတယ်။

အခုလာမယ့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်မှာ ဖွင့်လှစ်ထားတဲ့ အထူးပြုဘာသာရပ်တွေအတွက် တတိယနှစ်ကနေပြီးတော့  စတင်သင်ကြားနိုင်မှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်နှစ်ပြီးတစ်နှစ်တော့ သင်တန်းတွေကို တိုးချဲ့ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများအထိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေကိုတော့ အခုလောလောဆယ် တတိယနှစ်ကနေ ဖွင့်သွားမှာပါ။

၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှာ တတိယနှစ်နဲ့ စတုတ္ထနှစ်ကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နှစ်ပြီးတစ်နှစ် အတန်းတွေ ကို တိုးချဲ့ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ သင်ကြားပေးတဲ့အခါမှာလည်း အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေကနေ သင်ကြားပေးမှာဖြစ်တဲ့အပြင် ဌာနဆိုင်ရာမှာ ရှိနေကြတဲ့ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်တဲ့ ပညာရှင်တွေကပါ အားဖြည့်ပြီးတော့ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို  Naypyitaw State Academy ကနေ မွေးထုတ်ပေး သွားနိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒေါက်တာနုနုလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန

Naypyitaw State Academy ကို ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊  ဆေးသိပ္ပံပညာမဟာဌာန၊ အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနဆိုပြီး မဟာဌာနကြီးခုနစ်ခုနဲ့ ဖွဲ့စည်းတည်ထောင် ဖွင့်လှစ်ရန်စီစဉ်ထားရှိပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာတော့ ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန စတဲ့မဟာဌာန ၄ ခုကိုစတင်ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနမှာ ဘာသာရပ်ဌာန ၇ ခု၊ သိပ္ပံပညာမဟာဌာနမှာ ဘာသာရပ်ဌာန ၃ ခု၊ စီးပွားရေးပညာမဟာဌာနမှာ ဘာသာရပ်ဌာန ၄ ခုနဲ့ ဥပဒေပညာမဟာဌာနမှာ   ဘာသာရပ်ဌာန ၁ ခု စုစုပေါင်း ဘာသာရပ်ဌာန ၁၅ ခုနဲ့ စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားရှိပါတယ်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ တတိယနှစ်နဲ့ ပထမနှစ်ဂုဏ်ထူးတန်းများကို စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး အထူးပြုဘာသာရပ် တစ်ခုလျှင် ကျောင်းသား၊ ကျောင်းသူ  ၅၀ ဦးအထိ လက်ခံသင်ကြားပေးမှာဖြစ်ပါတယ်။ လာမယ့်ပညာသင်နှစ်တွေမှာတော့ ဆေးသိပ္ပံ ပညာမဟာဌာန၊ အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်ပြီး ဆေးပညာ၊ အားကစားပညာနဲ့ လူမှုရေးပညာ အထူးပြုဘာသာရပ်များကို ထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားရှိပါတယ်။ ဒါ့အပြင် ပညာသင်နှစ်အလိုက် အတန်းများကို တိုးချဲ့ဖွင့်လှစ် လက်ခံသင်ကြားသွားမှာဖြစ်ပါတယ်။

Naypyitaw State Academy ရဲ့ သင်ကြား၊ သင်ယူမှုမှာ နိုင်ငံတကာအဆင့်မီ အရည်အသွေးအာမခံချက်ရှိစေရေးအတွက် ကျောင်းသားဗဟိုပြုလေ့လာမှုပုံစံဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တွေးခေါ်မြော် မြင်နိုင်မှု၊ လေ့လာဆန်းစစ်နိုင်မှု၊ အကျိုးအကြောင်းဆင်ခြင်သုံးသပ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတွေကို  မြှင့်တင်ပေးနိုင်တဲ့ သင်ကြားမှု နည်းစနစ်များကို အသုံးပြုသင်ကြားသွားရန် ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ အသုံးပြုမယ့် Textbooks ၊ ခေတ်မီလက်တွေ့ခန်းသုံး   ပစ္စည်းများ၊   Internet Access  နဲ့ E-library များအပါအဝင် သင်ထောက်ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ Naypyitaw State Academy ကိုရောက်ရှိလာကြမည့် ကျောင်းသား၊ ကျောင်းသူများ အားလုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်းနဲ့ ရောက်ရှိလာတဲ့ ကျောင်းသား၊ ကျောင်းသူ အားလုံးကို စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားကြပြီး စိတ်ဓာတ်နှင့်ခံယူချက် မြင့်မားမှန်ကန်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာစေရေး ကျွန်မတို့ Naypyitaw State Academy က ဆရာ၊ ဆရာမ၊ ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါမယ်လို့  ပြောကြားချင်ပါတယ်ရှင်။

ဝင်ခွင့်လျှောက်ထားသူသည် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားလိုက်နာနိုင်သူ၊ ဤတက္ကသိုလ်မှ သတ်မှတ် ထားသော စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရပါမယ်။ Naypyitaw State Academy ရဲ့ မျှော်မှန်းချက်အနေနဲ့ အသိပညာ အတတ်ပညာပြည့်စုံသော ပညာတတ်များဖြင့် သာယာဝပြောသောအနာဂတ်ကို ဖန်တီးရန်လို့  သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့တော်နေပြည်တော်ရှိ Naypyitaw State Academy မှ ပြုစုပျိုးထောင်လိုက်တဲ့ ကျောင်းသား၊ ကျောင်းသူများဟာ အရည်အသွေး ပြည့်ဝတဲ့အသိပညာရှင်၊  အတတ်ပညာရှင်များအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အေးချမ်းသာယာဝပြောသော ပြည်ထောင်စုနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်နိုင်မယ်လို့   ယုံကြည်ပါတယ်။

ဒေါက်တာယဉ်ယဉ်ဝင်း၊ ပါမောက္ခ၊ ဌာနမှူး၊ စာရင်းအင်းပညာဌာန၊ Naypyitaw State Academy

ကျွန်မကတော့ Statistical Department  က Head Of Professor ပါ။ ကျွန်မ မိတ္ထီလာတက္ကသိုလ်ကနေ ဒီကျောင်းကို ပြောင်းလာတာပါ။ အဓိကကတော့ ဒီကျောင်းကြီးက တကယ့်ကို  International အဆင့်မီလုပ်မယ့် ကျောင်းဆိုပြီး တော့ သိရတယ်။ ကျွန်မကလည်း Study လုပ်တာဟာ ဘယ်နေရာမဆိုလုပ်လို့ရတယ်။ သို့သော် Study လုပ်တာနဲ့ Practical နဲ့ဆိုရင် ပိုပြီးတော့  Improve ဖြစ်စေတယ်။ ပြီးလို့ရှိရင်  ကိုယ်တတ်ထားတဲ့ပညာနဲ့လည်း ကိုယ့်ရဲ့  Next Generation တွေကို Improve ဖြစ်အောင် ထောက်ပံ့ပေးနိုင်ရမယ်။ Sharing လုပ်ပေးနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ဒါက ကျွန်မငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ ရည်ရွယ် ချက်လေးပါ။ New Generation တွေဟာ နိုင်ငံတစ်နိုင်ငံအတွက် တကယ့်ကို အဓိကအရေးပါတဲ့သူတွေဖြစ်တယ်။  ကျွန်မက Statistical Department ဆိုတာကြောင့်မလို့ ကျွန်မတို့ဌာနက Statistics သည် Research ပါ။ နိုင်ငံတစ်ခု Develop ဖြစ်ဖို့ အတွက်ဆို ဘာလိုလဲဆိုရင် သုတေသနပါ။ အနားမှာဖြစ်နေတဲ့အရာတွေ၊ ပတ်ဝန်းကျင်မှာ လက်တွေ့ရှိနေတဲ့အရာတွေအားလုံးကို လေ့လာစိစစ်မှုဆိုတဲ့အရာနဲ့ ပိုင်းဖြတ်ပြီးတော့မှသာလျှင် ရှေ့ကိုသွားဖို့ Planning ချနိုင်မယ်။ အဲ့လို Planning ချဖို့အတွက်ဆို သုတေသနလိုတယ်။ အဲ့ဒီ Research မှာ ကျွန်မတို့ Statistics သည် အဓိက Tools ဖြစ်တယ်။ Statistics မပါဘဲနဲ့ ဘယ်အရာမှ မပြီးဘူး။

ကျွန်မ ဒီကျောင်းမှာ ကျွန်မရဲ့ဌာန၊ ကျွန်မရဲ့ဘာသာရပ်အနေနဲ့ Research သည် နိုင်ငံတစ်ခုအတွက် အဓိကအရေးပါ ပါတယ်။ အဲ့ဒီ Research ကျွန်မတတ်ထားတဲ့ပညာ Analysis တွေနဲ့လေ့လာသုံးသပ်ပြီးတော့မှ ကျောင်းကိုရောက်လာမယ့် New Generation တွေလည်း Statistical Thinking ရသွားပြီဆိုရင် နေရာတိုင်းကို  Analysis  လုပ်နိုင်မယ့် ကိုယ့်ရဲ့ဘဝအတွက်တင် မကဘူး။ နိုင်ငံတော်အတွက်ကော၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်အတွက်ပါ အထောက်အပံ့ပေးနိုင်တဲ့ ပညာတွေကို သင်ကြားပေးဖို့အတွက် ကျွန်မ ရောက်လာတာပါ။ ဒါ့ကြောင့်မလို့လည်း အများကြီး ကြိုးစားသွားမှာပါ။ ကျောင်းသားတိုင်းမှာ ရည်မှန်းချက်ဆိုတာ ရှိပါတယ်။ တချို့ဆိုရင် နိုင်ငံခြားတောင်  ကျောင်းသွားတက်ကြတယ်။  

အဲ့တော့ ကိုယ့်နိုင်ငံမှာ International အဆင့်မီတဲ့ ကျောင်းကို နိုင်ငံတော်ကနေ ဖွင့်ပေးလိုက်တဲ့အတွက်ကြောင့် ကျောင်းသားတွေ အတွက် သူတို့ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို အထောက်အပံ့ပေးရာ ရောက်တယ်။ သူတို့အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်မယ့်ကျောင်းကြီးလို့ ကျွန်မထင်ပါတယ်။

 

 

လင်းကြည်လင်း