မြန်မာ-ရုရှားနှစ်နိုင်ငံအကြား သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၉

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား သတ္တုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ    ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ရုံးအမှတ်(၂၈)၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သတ္တုကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအတွက် နည်းပညာနှင့်ခေတ်မီ စက်ပစ္စည်းကိရိယာများရရှိရေး၊ နှစ်နိုင်ငံ ဘူမိဗေဒပညာရှင်များပူးပေါင်း၍ ဖြစ်ထွန်းမှုများ ရှာဖွေဖော်ထုတ်ရေး၊ ကျောက်မျက်ရတနာ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောက်မျက်ရတနာ ဈေးကွက်ဖော်ဆောင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ အား  ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ တက်ရောက် ခဲ့ကြောင်း သိရသည်။                 

(သတင်းစဉ်)