မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၉

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးဆွေးနွေး

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ် ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါး ဆာဂီးအ်ဗစ်ရှ် ရှာတီရော့ဗ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရေးအတွက် မြန်မာနိုင်ငံမှတင်ပို့ရန် အလားအလာရှိသည့် ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရေး၊ တင်ပို့မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                  

(သတင်းစဉ်)