ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Dr. Sean Hewitt ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  နိုဝင်ဘာ  ၉

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Dr. Sean Hewitt ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် Malaria Program Review Mission မှ ပြည်ပငှက်ဖျား ရောဂါပညာရှင် Dr. Sean Hewitt ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၃၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါကင်းစင် ပပျောက်ရေးရည်မှန်းချက် ပြည့်မီစေရေးကို မြန်မာနိုင်ငံ၌ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ ငှက်ဖျားပညာရှင်များ ပူးပေါင်း၍ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆန်းစစ်သုံးသပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်အကြံပြုတင်ပြချက်များအပေါ် ပြန်လည် ဆန်းစစ်သုံးသပ်၍ လုပ်ငန်းများဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ပငှက်ဖျားရောဂါပညာရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့်ကချင်ပြည်နယ်များရှိ မြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆန်းစစ်သုံးသပ်ခြင်း ဆောင်ရွက်ခြင်းမှ သုံးသပ် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် လမ်းညွှန်မှုများနှင့် ပေါင်းစပ် ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာ အေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ Malaria Program Review Mission မှ ပြည်တွင်း/ပြည်ပ ငှက်ဖျားရောဂါပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် Global Fund  တို့မှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။                 

 (သတင်းစဉ်)