နှမ်းနက်(ခေါ်)စမုန်နက်နှမ်းများ အောင်မြင်ဖြစ်ထွန်း

နှမ်းနက်(ခေါ်)စမုန်နက်နှမ်းများ အောင်မြင်ဖြစ်ထွန်း

    ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူ ဦးစောမောင်အေး၏ လယ်မြေ၌ နှမ်းနက်(ခေါ်) စမုန်နက်နှမ်းများ စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

    အဆိုပါနှမ်းနက် စိုက်ပျိုးရာတွင်  မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ   စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် နှစ်ပြည်ခန့် အသုံးပြုရကြောင်း၊ စိုက်ပျိုးပြီး ၂၅ ရက်အကြာတွင် ပေါင်းပင်များနုတ်ခြင်း၊ မြေဆွ ပေးခြင်းနှင့် နှမ်းသားခွဲခြင်း လုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေသြဇာကျွေးခြင်းတို့ ဆောင်ရွက်ပေးရကြောင်း ၊ နှမ်းတစ်ဧကတွင် အပင်အပြုအစုကောင်းမွန်ပြီး ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ ၁၄ တင်းမှ တင်း၂၀အထိ ထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက်စိုက်ခင်းများ အထွက်နှုန်းနည်းပါးသော်လည်း ကာလပေါက်ဈေးအရ  တစ်တင်းကို  ငွေကျပ်၆၀၀၀၀ခန့်ရှိသဖြင့်   နှစ်စဉ်တောင်ယာ လုပ်ငန်းနှင့် တွဲဖက်ပြီးစိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး ကပြောသည်။

    ရှမ်းရွာသစ်မြို့၌ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေ ပြည်သူအများစုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့် တွဲဖက်ကာ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်း၊  ဥယျာဉ်ခြံမြေ လုပ်ငန်းတို့ကိုလည်း နှစ်စဉ်ပုံမှန်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။