ဆီးချို သွေးချိုကြောင့် အမြင်အာရုံထိခိုက်ခြင်း

ဆီးချို သွေးချိုကြောင့် အမြင်အာရုံထိခိုက်ခြင်း

ခန္ဓာကိုယ်ထဲတွင် သကြားဓာတ်များလာသည့်အခါ ခန္ဓာကိုယ်က ၎င်းဓာတ်တွေကို နေရာအမျိုးမျိုးမှ စွန့်ထုတ်ပစ်ရန် ကြိုးစားရသည်။  ထိုသကြားဓာတ် များက မျက်စိမှန်ဘီလူးတွင်  စုပုံလာသည့်အခါ အမြင်အာရုံထိခိုက်ခြင်းကို ဖြစ်ပေါ်လာစေနိုင်သည်။ ဆီးချိုသွေးချို ကြောင့်ဖြစ်နိုင်သော မျက်စိပြဿနာများမှာ-

  • အတွင်းတိမ်ရောဂါ၊
  • ရေတိမ်ရောဂါ၊
  • အမြင်လွှာအာရုံကြောပျက်စီးခြင်းနှင့်
  • အမြင်အာရုံချို့ယွင်းခြင်း၊ မျက်စိကွယ်ခြင်း စသည်တို့ဖြစ်သည်။

တစ်နည်းဆိုသော် ဆီးချိုသွေးချိုကြောင့် ဖြစ်ပေါ်ခံစားလာရသည့် မျက်စိရောဂါသည် သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကြောင့် ဖြစ်သည်။ ရောဂါအရှိန်မြင့်မားလာသည်နှင့်အမျှ မျက်စိအနောက်ဘက်ရှိ သွေးကြောများကို ပျက်စီးစေနိုင်သည်။ ဆီးချိုရောဂါရှိသူ သုံးဦးတွင် ပျမ်းမျှ တစ်ဦးနှုန်းသည် အမြင်လွှာရောဂါ ဖြစ်ပွားနိုင်သည်။ ၎င်းရောဂါသည် အများအားဖြင့် မျက်စိနှစ်ဖက်လုံးကို ထိခိုက်စေပြီး ခံစားမှုအချိန်ကာလ ကြာလာသည်နှင့်အမျှ အလင်းအားလျှပ်စစ်အချက်ပြမှုများအဖြစ် ဖုံးကွယ်ကာ ဦးနှောက်ထံ ပေးပို့သည့် မျက်စိရှိ အမြင်လွှာသွေးကြောများကို ပျက်စီးစေသည်။

ထိုအခါ အမြင်လွှာသည် လိုအပ်သောသွေးပမာဏ မရှိပါက ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ အမြင်အာရုံကို ထိခိုက်နိုင်သည်။  ရောဂါတိုးလာပါက အစပိုင်းတွင် သွေးကြောများယိုစိမ့်လာပြီး နောက်ဆုံးတွင် မျက်စိအတွင်းမှ သွေးထွက်လာသည်။ အမြင်လွှာ ဆိုင်ရာရောဂါတွင် အဆင့်သုံးဆင့်ရှိပြီး အဓိကအားဖြင့် အမြင်လွှာ၏ ဗဟိုအစိတ်အပိုင်းကို ထိခိုက်စေပြီးနောက် အမြဲတမ်း မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ဆီးချိုရောဂါရှိသူများသည် အတွင်းတိမ်နှင့် ရေတိမ်အပါအဝင် အခြားမျက်စိ ပြဿနာများလည်း ဖြစ်ပွားနိုင်ခြေမြင့်မားသည်။

သို့ဖြစ်၍   The American Diabetic Association (ADA) ခေါ် အမေရိကန်နိုင်ငံဆိုင်ရာ ဆီးချိုရောဂါအဖွဲ့က ဆီးချိုသွေးချိုရောဂါ၏ အကျိုးဆက်ကြောင့် အမြင်အာရုံထိခိုက်နိုင်ကြောင်းကို ပြည်သူအများ သတိပြုကြစေရန် ရည်ရွယ်ကာ နှစ်စဉ်နိုဝင်ဘာလ တစ်လလုံး ကို Diabetic Eye Disease Month အဖြစ် သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

မျက်စိထိခိုက်ကြောင်း ပြသသော လက္ခဏာများ

ဆီးချို သွေးချိုရောဂါကြောင့် မျက်စိထိခိုက်ကြောင်း ပြသသောလက္ခဏာများမှာ-

  • မြင်ကွင်းရှေ့တွင် အစက်အပြောက်များ ပေါလောမျောနေခြင်း၊
  • အမြင်အာရုံမကြည်လင်ခြင်း၊
  • ပုံရိပ်နှစ်ထပ်မြင်ရခြင်း၊
  • အရောင်များ ကောင်းစွာမခွဲခြားနိုင်ခြင်း၊
  • မြင်ကွင်းတစ်စိတ်တစ်ပိုင်း မမြင်ရခြင်း၊
  • မျက်စိကွယ်ခြင်း စသည်တို့ဖြစ်ကြသည်။

အမျိုးအစား-၂ ဆီးချိုရောဂါနှင့် မျက်စိအန္တရာယ်

မျက်စိအာရုံခံနာ့ဗ်ဆဲလ်များ ပျက်စီးမှုသည် အမျိုးအစား-၂ ဆီးချိုရောဂါတွင် အတွေ့ရအများဆုံး ဘေးထွက်ဆိုးကျိုးဖြစ်ပြီး ၎င်းဘေးထွက်ဆိုးကျိုးသည် ရောဂါလက္ခဏာ မပေါ်မီမှာပင် မျက်စိများ၌ စတင်ပေါ်ထွက်လာနိုင်ကြောင်း နယ်သာလန်နိုင်ငံ သုတေသီများက လေ့လာတွေ့ရှိထားသည်။ အဆိုပါသုတေသီများသည် အမျိုးအစား-၂ ဆီးချိုရောဂါလူနာ ၂၁ ရာခိုင်နှုန်း၊ သွေးအတွင်း သကြားဓာတ် ပုံမှန်ထက် လွန်ကဲနေသူ ၁၅  ရာခိုင်နှုန်းနှင့် ၎င်းအခြေအနေနှစ်မျိုးလုံးမရှိသူ ၆၄ ရာခိုင်နှုန်းပါဝင်သည့် လူပေါင်း ၃၅၀၀ ခန့်ကို လေ့လာခဲ့ကြသည်။

လေ့လာချက်ရလဒ်များအရ သွေးအတွင်းသကြားဓာတ်ပါဝင်မှု ပုံမှန်ထက်များသူတွေ၏ မျက်ကြည်လွှာနာ့ဗ်ဆဲလ်များပျက်စီးမှုသည်   အမျိုးအစား-၂ ဆီးချိုမရှိသူများထက် ရှစ်ရာခိုင်နှုန်းပိုများနေကြောင်း သုတေသီများကဆိုသည်။ အလားတူ အမျိုးအစား-၂ ဆီးချို ရောဂါရှိနေသူများ၏ မျက်ကြည်လွှာ အာရုံနာ့ဗ်ဆဲလ်များပျက်စီးမှုသည် သွေးအတွင်း သကြားဓာတ်လွန်ကဲမှု ပြဿနာမရှိသူများ ထက် ရှစ်ရာခိုင်နှုန်း ပိုမြင့်မားပြီး သွေးအတွင်းသကြားဓာတ်လွန်ကဲမှုပြဿနာနှင့် အမျိုးအစား-၂ ဆီးချိုရောဂါ နှစ်မျိုးစလုံး မရှိသူများထက်  ၁၄  ရာခိုင်နှုန်း  ပိုများကြောင်း သိရသည်။  မိမိတို့၏  လေ့လာတွေ့ရှိချက်အရ မျက်ကြည်လွှာနာ့ဗ်ဆဲလ်များသည်   အမျိုးအစား-၂ ဆီးချိုရောဂါမပေါ်မီမှာပင် စတင်ပျက်စီးနိုင်ကြောင်း သုတေသီများက ပြောကြားထားသည်။     

ဆီးချိုမျက်စိအတွက် DME ဆေး

Diabetic Macular Edema (DME) ခေါ် ဆီးချိုရောဂါ နောက်ဆက်တွဲ အမြင်အာရုံချို့ယွင်းမှုရောဂါ ဆေးတစ်မျိုးသည် စောစောစီးစီး အသုံးပြုနိုင်ပါက အခြားတန်ဖိုးကြီး ကုထုံးများကဲ့သို့ပင် ထိရောက်မှုရှိကြောင်း အမေရိကန်သုတေသီများက တွေ့ရှိထားသည်။ DME မျက်စိရောဂါသည် မျက်စိ မျက်ကြောလွှာဆဲလ်နယ်မြေအတွင်း အရည်ကြည်များ တည်လာချိန်၌ ဖြစ်ပွားတတ်သော ဆီးချိုရောဂါ၏ နောက်ဆက်တွဲ မျက်စိရောဂါတစ်မျိုးဖြစ်ပြီး ၎င်းရောဂါဖြစ်ပွားပါက အမြင်အာရုံပျက်စီးမှု သို့မဟုတ် လုံးဝဆုံးရှုံးရမှုတို့နှင့် ရင်ဆိုင်ရ တတ်သည်။

သုတေသီများ၏ တွေ့ရှိချက်အရ Anti-VEGF အမည်ရှိ DME ကုထုံးတစ်မျိုးသည် ရောဂါစတင် ဖြစ်ပေါ်ချိန်တွင်အသုံးပြုပါက ကုန်ကျစရိတ်များနိုင်သည့် အခြားသော  DME  ကုထုံးများကဲ့သို့ပင် ထိရောက်မှုရှိကြောင်း သိရသည်။ အထူးသဖြင့် Vastin နှင့် Eylea ကဲ့သို့ Anti-VEGF ဆေးဝါးများသည် DME မျက်စိရောဂါရှိသူ လူနာများ၏ အမြင်အာရုံကို မြှင့်တင်ပေးနိုင်ကြောင်းနှင့် အမေရိကန် သုတေသီများသည် DME ရောဂါလူနာ ၂၇၀ တို့ကို အထက်ပါဆေးနှစ်မျိုးဖြင့် စမ်းသပ်ကုသပြီးနောက် ၎င်းတို့၏ တွေ့ရှိချက်ကို   ယခုလို အကျယ်တဝင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း လေ့လာမှတ်သားရသည်။

အကြံပြုချက်

ဆီးချိုရောဂါကြောင့်   အမြင်အာရုံမထိခိုက်စေရန်အတွက် အကြံပြုချက်တချို့ကို ဖော်ပြပေးလိုသည်။

  • သွေးချိုဓာတ်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပါ။
  • သွေးပေါင်ချိန်ကို ၁၃၀/၇၉ အတွင်း ထိန်းသိမ်းပါ။
  • သွေးတွင်းအဆီဓာတ်၊ ကိုလက်စထရော လျှော့ချပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • သွေးအားနည်းရောဂါကို ဂရုစိုက်ကုသပါ။
  • အလွန်အမင်းဟောက်တတ်ခြင်း၊ အိပ်ပျော်နေစဉ် အသက်ရှူကျပ်ခြင်း စသည့်ရောဂါများရှိပါက သေသေချာချာ ကုသမှု ခံယူပါ။   ။

ပေါက်ပေါက်