“အရေးကြီးကုရမယ့် လူနာများကို အခုလိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စီစဉ်ပေးတဲ့ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နဲ့ လာရောက်ကုသပေးတဲ့အတွက် ဒေသခံပြည်သူများရဲ့ လူနေမှုဘဝတွေ အများကြီး တိုးတက်လာပြီးတော့ ကုန်ကျစရိတ်သက်သာပါတယ်”

“အရေးကြီးကုရမယ့် လူနာများကို အခုလိုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စီစဉ်ပေးတဲ့ ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)နဲ့ လာရောက်ကုသပေးတဲ့အတွက် ဒေသခံပြည်သူများရဲ့ လူနေမှုဘဝတွေ အများကြီး တိုးတက်လာပြီးတော့ ကုန်ကျစရိတ်သက်သာပါတယ်”

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များဖြင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့်  ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကိုကိုးကျွန်းမြို့နယ်နှင့်ဟိုင်းကြီးကျွန်းမြို့နယ်တို့မှဒေသခံပြည်သူများ၏ပီတိစကားသံ များကိုဖော်ပြပေးလိုက်ပါသည်။

ဦးဆန်းမင်း

ကျွန်တော်ကတော့ ကိုကိုးကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆန်းမင်းဖြစ်ပါတယ်။ ကိုကိုးကျွန်းမြို့နယ်ကို ရပ်ကွက်နှစ်ရပ်ကွက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး အိမ်ခြေ ၂၇၁ အိမ်၊ အိမ်ထောင်စု ၃၀၈ စုရှိပြီး သံလွင်သင်္ဘောကြီးဆေးလာကုမယ်ဆိုတာကို   သိတာနဲ့ ရပ်ကွက်အတွင်းမှာ အသံချဲ့စက်နဲ့လိုက်နှိုးဆော်ပြီး လာရောက်ကုသကြမည့် ရောဂါတွေကို ကြေညာခြင်း၊  ဆေးဝါးကုသမည့် သူတွေစာရင်းကို ကောက်ယူခြင်းစတာကို စတင်ဆောင်ရွက်ကြပါတယ်။    သံလွင်သင်္ဘောကြီး လာရောက်တဲ့ အခါမှာလည်း ဆေးဝါးကုသခံယူကြမည့်  ပြည်သူတွေကိုလည်း ယာဉ်ကြိုပို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးကြပါတယ်။ ကျွန်တော်တို့ ကိုကိုးကျွန်းမြို့နယ်ဟာဆိုရင်   ဆက်သွယ်ရေးလည်း အလှမ်းဝေးတဲ့မြို့နယ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ကျွန်းပေါ်မှာ မြို့နယ်ဆေးရုံတစ်ရုံရှိပေမယ့် ရောဂါအစုံကုသဖို့အတွက် အဆင်မပြေပါဘူး။   အရေးကြီးကုရမယ့်လူနာများကို   အခုလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    စီစဉ်ပေးတဲ့ ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)နဲ့ လာရောက်ကုသ ပေးတဲ့အတွက် ဒေသခံပြည်သူများရဲ့လူနေမှုဘဝတွေ အများကြီးတိုးတက်လာပြီးတော့    ကုန်ကျစရိတ် သက်သာပါတယ်။ ရန်ကုန်မြို့ကိုသွားရောက် ကုသမယ်ဆိုရင် ကုန်ကျစရိတ်တွေ၊ လူနေမှုစရိတ်တွေ အများကြီးကုန်ကျမှာ ဖြစ်ပါတယ်။

အခုလိုကုသပေးတဲ့အတွက် ကျွန်တော်တို့ ဒေသမှာရှိတဲ့ပြည်သူတွေရဲ့  လူမှုကျန်းမာရေးဘ၀   ကောင်းမွန် လာတယ်ဆိုတဲ့အကြောင်း ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်။ လာရောက်ကုသပေးတဲ့အတွက်လည်း နိုင်ငံတော်အကြီးအကဲနှင့်တကွ စီစဉ်ပေးသူများအားလုံးကိုလည်း  အထူးကျေးဇူးတင်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဆီမှာ ကျန်းမာရေးအခက်အခဲဖြစ်လို့ လွှဲပြောင်းကုသရမယ်ဆိုရင်တော့ နှစ်ပတ်တစ်ကြိမ် လေယာဉ်ဖြင့်စီစဉ်ပေးပြီးတော့ သင်္ဘောနဲ့ဆိုရင်တော့    တစ်လတစ်ကြိမ်စီစဉ်ပေးလို့ပဲ ရပါတယ်။ သံလွင်သင်္ဘောကြီး လာရောက်ကုသပေးတဲ့အတွက် ကျွန်တော်တို့မြို့က    ဒေသခံပြည်သူတွေအတွက် အများကြီး အဆင်ပြေပါတယ်။ ဒါကြောင့်လည်း မကြာမကြာ လာရောက်ပြီး ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးပါလို့လည်း  တောင်းဆိုပါတယ်။

ဦးထွန်းကြည်

အဘကတော့    ဟိုင်းကြီးကျွန်းမြို့ကျောက်ချောင်းကျေးရွာက  ဖြစ်ပါတယ်။ အဘမျက်စိကွယ်နေတာ ခြောက်နှစ်လောက်ရှိပြီ။ ဒီတစ်သက် မျက်စိမမြင်ရတော့ဘူးဆိုပြီး တွေးထားပြီး ဘဝကို အရှုံးပေးထားတာ၊ အဘတို့က ဆင်းရဲကြပါတယ်။ မျက်စိခွဲစိတ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး။    အဘမျက်စိမမြင် တဲ့အတွက် အိမ်မှာရှိတဲ့လူတွေလည်း အခက်အခဲဖြစ်တယ်။ သွားလာရလည်းခက်ခဲတယ်။ အခုအဘကို တပ်မတော်ကဆရာဝန်တွေက သင်္ဘောကြီးနဲ့လာပြီးတော့ မျက်စိခွဲပေးတဲ့အတွက်  အဘမျက်စိပြန်မြင်ရပြီ။ ဘဝဆုံးနေတာကို တပ်မတော်သားတွေက ပြန်ဆက်ပေးပြီး    အင်အားသစ်တွေပြန် မွေးဖွားပေးတာ ဖြစ်တဲ့အတွက် စီစဉ်ပေးသူတွေရော ကုသပေးတဲ့တပ်မတော်က ဆရာဝန်တွေကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ အဘမနက်က သင်္ဘောပေါ်မှာ လမ်းလျှောက်ဖြစ်တယ်။ ရင်ထဲမှာလည်း အရမ်းပျော်ပါတယ်။ မျက်စိပြန်မြင်ရပြီဖြစ်တဲ့အတွက် အဘ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။  မြန်မာ့တပ်မတော်က တပ်မတော်သားပြည်သူများကို   ဒီထက်မကပိုပြီးတာဝန်တွေ ထမ်းဆောင် နိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။

ဒေါ်ကျင်စိန်

အမေက ဟိုင်းကြီးကျွန်းမြို့ကပါ။ မျက်စိမမြင်တာ  ခြောက်နှစ်ရှိပြီ။  တပ်မတော်က ပါရဂူဆရာဝန်တွေ လာပြီးတော့ မျက်စိခွဲပေးမယ်ဆိုတာသိရတဲ့အတွက်  လာပြဖြစ်တာပါ။ မျက်စိမမြင်တဲ့အတွက် အခက်အခဲတွေ အများကြီးဖြစ်ခဲ့တယ်။ ဘေးကဖေးမပေးမယ့်လူရှိမှ သွားရတဲ့ဘဝလေ၊ အိမ်မှာရှိတဲ့မိသားစုမျက်နှာတောင် မမြင်ရ အပြင်သွားဖို့ဆိုတာအဝေးကြီး စဉ်းစားလို့တောင်မရဘူး၊ ဒီတစ်သက် မျက်မမြင်ဘဝနဲ့ပဲ အသက်ဆုံးတော့မယ်လို့ ထင်ထားတာ။ တပ်မတော်ကဆရာဝန်တွေက   မျက်စိခွဲပေးတဲ့အတွက် အခုမျက်စိပြန်မြင်ရပြီ။ ကူညီဆောင်ရွက်ပေးကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခက်အခဲဖြစ်နေတဲ့ သူတွေကို ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ပါတယ်။

မခိုင်ခိုင်ဝင်း

ကျွန်မကတော့ အရိုးအဆစ်တွေမကြာခဏနာတဲ့အတွက် အခုသံလွင်သင်္ဘောကြီးလာတဲ့ အချိန်မှာ ကျန်းမာရေး လာရောက်စစ်ဆေးခံတာပါ။ အခုကျွန်မကို သံလွင်သင်္ဘောပေါ်မှာပဲ   ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်း ဆောင်ရွက် ပေးပါတယ်။ အခုလို သံလွင်သင်္ဘောနဲ့ လာရောက်ကုသပေးတဲ့အတွက် ကျွန်မတို့ ဒေသခံ ပြည်သူတွေထဲမှာ    မသွားလာနိုင်တဲ့ရောဂါသည်တွေပိုပြီး အဆင်ပြေသလို ကျန်းမာရေး စစ်ဆေးပေးမှုတွေကို  လာရောက်ဆောင်ရွက်ပေးတဲ့အတွက်   ဒေသခံတွေအတွက်လည်း အများကြီးအကျိုး ဖြစ်ထွန်းပါတယ်။ နောက်

နှစ်တွေမှာလည်း အဆင်ပြေရင်လာရောက်ကုသပေးစေချင်ပါတယ်။ ကျွန်မတို့ဆီက သွားလာရတဲ့ခရီးလမ်းက ခက်ခဲပါတယ်။

အခုလို လာရောက်ကုသပေးတဲ့အတွက် စီစဉ်ပေးတဲ့ သူတွေနဲ့ တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့တွေကို အရမ်းလည်း ကျေးဇူးတင်ပါတယ်။

မပန်းအိဖြူ

အရင်ဆုံးပြောချင်တာကတော့  လာရောက်ပြီး   ဆေးဝါးကုသပေးတဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။  ကျွန်မက ကိုယ်ဝန်အတွက်လာပြတာပါ။ အခုလိုလာပြလိုက်တဲ့အတွက် အများကြီးအကျိုးရှိခဲ့ပါတယ်။   ဆရာဝန်တွေက  ကျွန်မကို Ultrasound ရိုက်ပေးတယ်။ ဆေးစစ်ပေးသင့်တာတွေအားလုံး စစ်ဆေးပေးတယ်။

ဆရာဝန်ကြီးက    အားဆေးတွေလည်းထုတ်ပေးတယ်။ အရမ်းလည်းကျေးဇူးတင်ပါတယ်။ ကျွန်မမှာ   ဆေးလိုတယ် ဆိုရင် ဝယ်ရတာခက်ခဲတယ်လေ။ ဟိုင်းကြီးကျွန်း တို့ ပုသိမ်တို့ကမှာရတယ်။ အလွယ်တကူဝယ်ဖို့ ဆိုတာအဆင်မပြေဘူး။ မကြာခဏဆိုသလိုလာရောက်ပြီးတော့ ဒေသခံတွေ ကျန်းမာရေး စောင့်ရှောက်မှုတွေဆောင်ရွက်ပေးစေလိုပါတယ်ရှင်။  ။

လင်းခန့်