လူတိုင်းသက်တမ်းစေ့နေနိုင်ရေး

လူတိုင်းသက်တမ်းစေ့နေနိုင်ရေး

ဘာကြောင့် အလေးထားသင့်သလဲ

မိသားစုတွေမှာ သက်လတ်ပိုင်းတွေ အသက် ဆုံးရှုံးရခြင်းသည် အဆိုပါ အိမ်ထောင်စုဝင်တွေအတွက် ကြီးစွာသော ပျက်စီးဆုံးရှုံးရမှု ကို  ဖြစ်စေတာပါ။ ဘာလို့လဲဆိုတော့ အဆိုပါပုဂ္ဂိုလ်တွေဟာ  နေအိမ်မှာ အဓိကဝင်ငွေရှာပေးသူများ၊ စောင့်ရှောက်နေကြသူများ ဖြစ်လို့ပါပဲ။ အရွယ်မတိုင်ခင် သေဆုံးခြင်းတွေကြောင့် မိသားစုဝင်ငွေလျော့စေခြင်း၊  စိတ်ထိခိုက်ကြေကွဲရခြင်း၊  ပညာရေးတစ်ပိုင်း တစ်စဖြစ်စေခြင်းစတဲ့ ဆိုးကျိုးတွေကို  ကျန်ရှိတဲ့မိသားစုတွေ ရင်ဆိုင်ရနိုင်ပါတယ်။ ထို့နည်းတူပဲ နိုင်ငံများအနေနဲ့လည်း ကျန်းမာ  တဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးရခြင်းနှင့် နိုင်ငံရဲ့ ဂျီဒီပီ (GDP)ကိုလည်း ထိခိုက်မှုဖြစ်စေပါတယ်။ အလယ်အလတ်နဲ့ ဝင်ငွေနိမ့်တိုင်းပြည်တွေမှာ အရွယ်မတိုင်မီ အသက်ဆုံးရှုံးခြင်းတွေ ပိုမိုအဖြစ်များတတ်ပါတယ်။

အဆိုပါတိုင်းပြည်များအတွက်   အရွယ်မတိုင်မီဆိုတာကို  အသက် ၇၀ နှစ်  မတိုင်မီလို့ သတ်မှတ်လေ့ရှိပါတယ်။ သေဆုံးမှုဆိုတာ ကတော့ မရှောင်လွှဲနိုင်ပါဘူး။ သက်ရှိတိုင်း မလွဲမသွေရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ လူ့သက်တမ်းဆန့်နိုင်မှုနဲ့ အရွယ်မတိုင်မီ သေဆုံးမှုများ အား ရှောင်ရှားနိုင်မှုတွေက တော့ လက်လှမ်းမီတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဆိုလိုတာက ဂရုတစိုက်နေထိုင်မယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စုရဲ့ မျှော်မှန်းသက်တမ်းဟာ ၁၉၉၀ ပြည့်နှစ်မှာ ၇၅ ဒသမ ၄ နှစ်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်မှာ ၇၈  ဒသမ ၈ နှစ်ထိ ရှိလာပါတယ်။  ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် မျှော်မှန်းချက်ထဲမှာ  အရွယ်မတိုင်မီ  သေဆုံးရခြင်းတွေ လျှော့ချနိုင်ဖို့အချက်ကို  အဓိက ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာရုံစိုက်မှုအဖြစ် သတ်မှတ်ထားပါတယ်။

အရွယ်မတိုင်မီ သေဆုံးရခြင်းတွေက အကြောင်းရင်း အမျိုးမျိုးရှိနိုင်ပါတယ်။ နိုင်ငံများအနေနဲ့ မိမိတို့လူ့အဖွဲ့အစည်းအတွင်း အရွယ်မတိုင်မီ သေဆုံးရခြင်းအကြောင်းရင်းတွေနဲ့ နှီးနွှယ်အချက်အလက်များကို ရှာဖွေသတ်မှတ်နိုင်ဖို့ အရေးကြီးပါတယ်။   အဓိကအားဖြင့် ကျန်းမာရေးစီမံကိန်းတွေ၊  မူဝါဒချမှတ်မှုတွေနဲ့  ဘတ်ဂျက်လျာထားမှုတွေအတွက် အဆိုပါအချက်အလက်တွေကို သေချာပေါက်သိရှိဖို့ လိုအပ်ပါတယ်။ ထိုသို့နိုင်ငံတော်အပိုင်းက လုပ်ဆောင်ရမဲ့အချက်တွေရှိသလို လူတစ်ဦးချင်းစီတိုင်းကလည်း   မိမိတို့ကျန်းမာရေးအခြေအနေတွေတိုးတက်ကောင်းမွန်ဖို့၊ ပိုမိုကျန်းမာဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံတွေ မြှင့်တင်ကြဖို့လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ သက်ရှည်ကျန်းမာစေရေးအတွက် ညီညွတ်မျှတတဲ့  နေထိုင်စားသောက်မှုပုံစံအချို့ကို ဝေမျှလိုပါတယ်။

အာဟာရပြည့်ဝတဲ့အစားအသောက်များကိုစားပါ

သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပဲတောင့်ရှည်များ၊ ပဲစေ့များ၊ ဂျုံ၊ ဆန်စသည်ဖြင့် မိမိစားသောက်မည့် အစားအစာမှာ အမယ်စုံပါဝင်အောင် စားသင့်ပါတယ်။ ထိုသို့စားခြင်းဖြင့် အာဟာရချို့တဲ့မှုနဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံး၊ လေဖြတ်ခြင်းနဲ့ ကင်ဆာရောဂါတွေဖြစ်စေမှုကို  လျော့ကျစေပါတယ်။

ဆားနဲ့သကြား လျှော့စားပါ

ဆားသုံးစွဲမှုများခြင်းသည် သွေးတိုးရောဂါအပါအဝင် နှလုံးရောဂါနဲ့ လေဖြတ်ရောဂါတွေကို ဖြစ်ပွားနိုင်ခြေမြင့်စေပါတယ်။ ထို့နည်းတူ  အချိုစားသုံးမှုကိုလည်း  သတိပြုသင့်ပါတယ်။ အချိုများများစားရင် သွားပိုးစားခြင်း၊ ကိုယ်အလေးချိန်တက်စေခြင်းအပါအဝင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ သွေးကြောဆိုင်ရာ  ရောဂါတွေဖြစ်စေနိုင်မှု  မြင့်တက်လာစေပါတယ်။

အန္တရာယ်များတဲ့ အဆီဓာတ်သုံးစွဲမှုများကို လျှော့ချပါ

အဆီဓာတ်မှာလည်း အမျိုးမျိုးရှိပြီး အဓိကအားဖြင့် ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီးရှိပါတယ်။ ပြည့်ဝဆီတွေက ယေဘုယျအားဖြင့်   ကျန်းမာရေးအတွက် မကောင်းပါဘူး။ မပြည့်ဝဆီများကတော့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ မှတ်ယူနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်သုံးမှုကိုရှောင်ကြဉ်ပါ

အရက်သောက်ခြင်းကြောင့် ရနိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော့ စိတ်ကျန်းမာရေးနဲ့ အပြုအမူဆိုင်ရာ အလေ့အထများ ပြောင်းလဲနိုင်ခြင်း၊ အရက်စွဲခြင်းအပါအဝင် အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အခြားသော ကင်ဆာရောဂါများ၊ နှလုံးရောဂါ၊ အရက်သောက်ခြင်းမှတစ်ဆင့် ထိခိုက်ဒဏ်ရာရခြင်း၊ ယာဉ်တိုက်မှုဖြစ်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းဖြင့် အဆုတ်ရောဂါ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါတို့ကိုဖြစ်စေနိုင်ပါတယ်။   ဆေးလိပ် သောက်ခြင်းဟာ ဆေးလိပ်သောက်သူကိုသာ ထိခိုက်တာမဟုတ်ပါဘူး။ သူ့အနားမှာနေတဲ့ ဆေးလိပ်ငွေ့ ရှူနေရသူတွေကိုလည်း ထိခိုက်စေပါတယ်။  အကယ်လို့  သင်ဟာ ဆေးလိပ်သောက်သုံးနေဆဲ လူတစ်ယောက်ဖြစ်နေရင်  ခုချက်ချင်းပဲ  ဆေးလိပ်ဖြတ်ကြည့် လိုက်ပါ။ သိသာတဲ့  အကျိုးကျေးဇူးတွေ ချက်ချင်းရရှိနိုင်တာ တွေ့ရပါလိမ့်မယ်။

တက်တက်ကြွကြွလှုပ်လှုပ်ရှားရှားနေထိုင်ပါ

လေ့ကျင့်ခန်းပြုလုပ်ခြင်းအပါအဝင် လှေကားတက်ဆင်းပြုလုပ်ရခြင်း၊ အလုပ်သွားရခြင်း၊ အိမ်မှုကိစ္စများ လုပ်ဆောင်ခြင်း  စတဲ့ခြေတွေ လက်တွေကိုယ်ခန္ဓာတွေလှုပ်ရှားနေခြင်းဖြင့် စွမ်းအင်များကို သုံးစွဲနေခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါ တယ်။ နေ့စဉ်မည်မျှ လှုပ်ရှားနေရမယ်ဆိုတာကတော့ သင့်ရဲ့အသက်အရွယ်ပေါ်မှာ မူတည်ပါတယ်။

သင့်ရဲ့သွေးပေါင်ချိန် ပုံမှန်တိုင်းတာပါ

သွေးတိုးရောဂါဟာ အသံတိတ် လူသတ်သမားအုပ်စုထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအတော်များများဟာ သွေးတိုး ရှိနေမှန်း မိမိကိုယ်မိမိ မသိကြပါဘူး။ သွေးတိုးရှိ/မရှိဆိုတာက ပုံမှန်တိုင်းတာနေခြင်းဖြင့်သာ သိနိုင်ပါတယ်။ သွေးတိုးရှိမှန်းသိမှသာ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာနိုင်မှာဖြစ်ပါတယ်။ သွေးတိုးကို ဆေးဝါးဖြင့်ဖြစ်စေ၊ လူနေမှုပုံစံဖြင့်ဖြစ်စေ မထိန်းချုပ်ပါက  နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါနဲ့ အခြားရောဂါများဆီ ဦးတည်သွားနိုင်ပါတယ်။

ကူးစက်ရောဂါများ ရှိ၊ မရှိ ဆေးစစ်ပါ

ခုခံအားကျရောဂါ (HIV)၊ တီဘီရောဂါ၊ အသည်းရောင်ဘီရောဂါနဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါစသည်တို့ကို    လိုအပ်သလို စစ်ဆေးခြင်း လုပ်ဆောင်သင့်ပါတယ်။ ၎င်းင်းရောဂါတွေဟာ စောစောသိလို့ စောစောကုသမှုခံယူရလျှင်   ကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိနိုင်လို့ပါ။ ထို့ပြင် ၎င်းရောဂါများ မကူးစက်စေမယ့် နည်းလမ်းများကိုလည်း သိထားပြီး လိုက်နာလုပ်ဆောင်ရန် လိုအပ်ပါတယ်။

ကာကွယ်ဆေးများထိုးကြပါ

ကာကွယ်ဆေးထိုးခြင်းဟာ ကူးစက်ရောဂါများ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့်    မွေးကင်းစကလေးငယ်များကစ၍ သူ့အရွယ်အလိုက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မပျက်မကွက် ထိုးနှံထားကြပါလို့ တိုက်တွန်းလိုပါတယ်။

လမ်းစည်းကမ်းဥပဒေများကို လိုက်နာပါ

ယာဉ်မတော်တဆဖြစ်မှုကြောင့် နှစ်စဉ်လူတစ်သန်းခန့် အသက်ဆုံးရှုံးနေရပြီး သန်းချီပြီး ထိခိုက်ဒဏ်ရာများ ရရှိနေပါတယ်။  ယာဉ်မတော်တဆမှုများဟာ စည်းကမ်းလိုက်နာခြင်းဖြင့်  ကာကွယ်နိုင်တာကို သတိမူစေချင်ပါတယ်။ အနည်းဆုံးဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ၊ လမ်းဖြတ်ကူးလျှင် စည်းကမ်းအတိုင်းကူးပါ။ ကားမောင်းလျှင် ယာဉ်စည်းကမ်းလိုက်နာပါ၊ ခါးပတ်ပတ်ထားပါ။ အရက်သေစာနဲ့ မူးယစ်ဆေးများသုံးစွဲထားလျှင် မည်သည့်ယာဉ်မျှ မမောင်းပါနဲ့။ ယာဉ်မောင်းနေစဉ် မိုဘိုင်းဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ။

ရေကောင်းရေသန့်ကိုသာ သောက်သုံးပါ

ရေမသန့်ခြင်းမှတစ်ဆင့် ရောဂါပေါင်းစုံ ကူးစက်စေနိုင်ပါတယ်။ ဝမ်းရောဂါအမျိုးမျိုး၊ အသည်းရောင်ရောဂါအေ၊ ပိုလီယိုနဲ့ တိုက်ဖွိုက်ရောဂါတို့ဟာ ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ထင်ရှားတဲ့ရောဂါတွေဖြစ်ပါတယ်။ အကယ်လို့ သင့်အနေနဲ့ သောက်သုံးရန် ရေသန့်ရမနေဘူးဆိုပါက ရေကိုကျိုချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

မွေးကင်းစမှ အသက် နှစ်နှစ်အထိ ကလေးများကို မိခင်နို့တိုက်ကျွေးပါ

မွေးကင်းစကလေးများအတွက်ကတော့ မိခင်နို့သည် အကောင်းဆုံး အာဟာရဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိခင်ဝမ်းမှ ကျွတ်ကျွတ်ခြင်း ၁ နာရီအတွင်း မိခင်နို့စတင်တိုက်ကျွေးရန်နဲ့ ခြောက်လသားအထိကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးရန် မှတ်ချက်ပြု ထားပါတယ်။ ဖြစ်နိုင်လျှင်တော့ အသက် နှစ်နှစ်သားလောက်ထိကို မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက် အထူးကောင်းမွန်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးအတွက်သာမက မိခင်အတွက်လည်း သားအိမ်ခေါင်းကင်ဆာ၊ ဆီးချိုရောဂါ၊ မီးဖွားပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ကျရောဂါ စတာတွေကို ကာကွယ်နိုင်ကြောင်း သိရှိရပါတယ်။

ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်ပါ

ယခုခေတ်ကာလမှာ ဗက်တီးရီးယားပိုးမွှားများဟာ ပဋိဇီဝဆေးဝါးများကို ခံနိုင်ရည်ရှိလာပြီး ဆေးမတိုးတဲ့ပိုးမွှားတွေ ထွက်ပေါ်လာမှု ဆိုင်ရာ  စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဆေးမတိုးတဲ့ပိုးတွေ ထွက်ပေါ်လာစေတဲ့အဓိကအကြောင်းကတော့  ပဋိဇီဝဆေးတွေ ကို မလိုအပ်ဘဲ  မိမိသဘောနဲ့   မိမိသောက်ကြတာရယ်၊ ဆေးပတ်လည်အောင် မသောက်ကြတာရယ်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်  ဆရာဝန်ညွှန်ကြားချက်နဲ့သာ အဆိုပါ Antibiotics လို့ ခေါ်တဲ့ပဋိဇီဝဆေးများကို သောက်သုံးသင့်ပါတယ်။

လက်ကိုစနစ်တကျဆေးကြောပါ

လက်သန့်စင်မှုဟာ အင်မတန်အရေးကြီးတဲ့ ကျန်းမာရေးဆိုင်ရာအချက်အလက်တစ်ခုပါ။ လက်မသန့်ခြင်းမှတစ်ဆင့် ကူးစက်ရောဂါ တော်တော်များများ ဖြစ်စေတာပါ။ ဒါကြောင့် လက်ကိုဆပ်ပြာနဲ့ရေတို့ဖြင့် သေချာစနစ်တကျဆေးကြောခြင်း၊ အရက်ပြန်ပါဝင်သည့် ရေမလိုလက်သန့်ဆေးရည်များဖြင့် မကြာခဏဆေးကြောခြင်းကို သတိရတိုင်း လုပ်ဆောင်သင့်ပါတယ်။

အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာမှာ သန့်ရှင်းပါစေ

မသန့်ရှင်းတဲ့ အစားအသောက်များမှာ ပါဝင်နိုင်တဲ့ ပိုးမွှားမျိုးစုံနဲ့ ဓာတုပစ္စည်းများမှတစ်ဆင့် ဝမ်းလျှောဝမ်းပျက်ကဲ့သို့သော   ရောဂါမျိုးမှအစ ကင်ဆာရောဂါများအထိ ရောဂါပေါင်း ၂၀၀ ကျော်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဈေးကနေ အစားအသောက် ဝယ်ယူရာကစလို့ ပြင်ဆင်ချက်ပြုတ်မှုအလယ် စားသောက်သည်အဆုံး သန့်ရှင်းရေး ဂရုပြုသင့်ပါတယ်။

ပုံမှန် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပါ

ပုံမှန်ဆေးစစ်ခံယူခြင်းဖြင့် ရောဂါများကို ကြိုတင်သိရှိနိုင်ကာ ရောဂါမရင့်မီ ကုသမှုခံယူခြင်းဖြင့် အသက်ရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ပါက ပုံမှန်ဆေးစစ်မှုများကို လုပ်ဆောင်သင့်ပါတယ်။ ဖော်ပြပါ သတိထားရမယ့် အချက်တွေကို အလေးဂရုပြု လိုက်နာခြင်းအားဖြင့် မိမိတို့ဘဝ၊ မိမိရဲ့မိသားစုလူမှုစီးပွားဘဝများကို  ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေကြောင်း    ဆန္ဒပြုရေးသားလိုက်ရပါတယ်။   ။

ကိုဇေ