၂၀၂၂ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ဆက်လက်ပြုလုပ်

နေပြည်တော်  နိုဝင်ဘာ  ၁၅

၂၀၂၂ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ(ပြင်ဦးလွင်ပွဲစဉ်) ဒုတိယနေ့ဆက်လက်ပြုလုပ်

မြန်မာနိုင်ငံတွင်ထူးချွန်သော ဂေါက်သီးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအားကစား အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကစီစဉ်၍ Mytel Operator ၊ မြဝတီဘဏ်လီမိတက်နှင့် အင်းဝဘဏ်လီမိတက်တို့မှ  အဓိက ကူညီပံ့ပိုး သည့် ၂၀၂၂ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပြင်ဦးလွင်ပွဲစဉ်)ဒုတိယနေ့ ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင် တပ်မတော်ဂေါက်ကွင်း၌ ဆက်လက်ပြုလုပ်သည်။

ပြိုင်ပွဲ ပထမနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ သိန်းနိုင်စိုး (HAN Golf Academy)က သတ်မှတ်ရိုက်ချက်ထက် လေးချက် လျော့ရိုက်ကာ ပထမ၊ ရာဇာ (NPTDC)က သတ်မှတ် ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်၍ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)နှင့်   ရန်မျိုးအေး (Yangon Golf Store)တို့က သတ်မှတ် ရိုက်ချက် ၇၂ ချက်စီဖြင့်  တတိယအဆင့်တို့တွင်လည်းကောင်း၊ ဝါသနာရှင် အဆင့်(အမျိုးသား)ပြိုင်ပွဲတွင်  လှိုင်မြင့်ဇော်ကသတ်မှတ် ရိုက်ချက်ထက်   တစ်ချက်ပိုရိုက်ကာ ပထမ၊  လှိုင်မင်းထက်က  သတ်မှတ် ရိုက်ချက်ထက် နှစ်ချက်ပိုရိုက်ကာ  ဒုတိယ၊  ချစ်ရင်ထူးက သတ်မှတ်ရိုက်ချက်ထက်  နှစ်ချက်ပိုရိုက်ကာ တတိယတို့တွင် လည်း ကောင်း အသီးသီး ဦးဆောင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ပြိုင်ပွဲ၏ ဒုတိယနေ့အပြီး ပညာရှင်အဆင့်ပြိုင်ပွဲတွင် သိန်းနိုင်စိုး(HAN Golf Academy)က နှစ်ရက်ပေါင်းရိုက်ချက်  ၁၄၁  ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် သုံးချက်လျော့ရိုက်ကာ ပထမ၊ သိန်းဇော်မြင့် (Taylormade)က နှစ်ရက် ပေါင်းရိုက်ချက် ၁၄၂ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် နှစ်ချက်လျော့ရိုက်ကာ ဒုတိယ၊ မျိုးဝင်းအောင် (PRGR)က နှစ်ရက်ပေါင်းရိုက်ချက် ၁၄၃ ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်လျော့ရိုက်ကာ  တတိယအဆင့်တို့တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့်(အမျိုးသား)ပြိုင်ပွဲတွင် လွင်မိုးက နှစ်ရက်ပေါင်းရိုက်ချက်  ၁၄၄  သတ်မှတ် ရိုက်ချက်ဖြင့်ပထမ၊ ဇော်ဇော်ထွန်းက နှစ်ရက်ပေါင်းရိုက်ချက်  ၁၄၅  ချက်ဖြင့် သတ်မှတ်ရိုက်ချက်ထက် တစ်ချက်ပိုရိုက်ကာ  ဒုတိယ၊  လှိုင်မြင့်ဇော်က နှစ်ရက်ပေါင်းရိုက်ချက် ၁၄၈ ချက်ဖြင့် သတ်မှတ်ရိုက် ချက်ထက် လေးချက်  ပိုရိုက်ကာ တတိယ၊ ဝါသနာရှင်အဆင့် အမျိုးသမီးပြိုင်ပွဲတွင် မိုးပြည့်စုံခင်က သတ်မှတ်ရိုက်ချက်၇၂ ချက်ဖြင့် ပထမ၊ တုန်ရန်ကြီးက ၇၉ ချက်ဖြင့်  ဒုတိယ၊  ကျန်ယုံလင့်က  ၈၁  ချက်ဖြင့် တတိယတို့တွင်လည်းကောင်း အသီးသီး ဦးဆောင် ကစားလျက်ရှိသည်။

ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော်ဂေါက်ကွင်း၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။   

   (သတင်းစဉ်)