မန်ယူအသင်းက စီရော်နယ်ဒိုနှင့် ပြဿနာဖြစ်ပွားပြီးနောက် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စတင်ပြင်ဆင်

မန်ယူအသင်းက စီရော်နယ်ဒိုနှင့် ပြဿနာဖြစ်ပွားပြီးနောက် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စတင်ပြင်ဆင်

မန်ယူအသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသင်းကို ဝေဖန်မှုများပြုလုပ်ခဲ့သည့် စီရော်နယ်ဒို နှင့် ပြဿနာဖြစ်ပွားပြီးနောက် အသင်းတိုက်စစ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသင်းကို ပြင်းပြင်းထန်ထန် ဝေဖန်မှုများပြုလုပ်ခဲ့သည့်အတွက် မန်ယူအသင်းက  စီရော်နယ်ဒိုနှင့် မကြာမီ လမ်းခွဲမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန်မှသာ ကုန်ဆုံးမည်ဖြစ်သော်လည်း လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင်   စာချုပ်ဖျက်သိမ်း၍ လမ်းခွဲဖွယ် ရှိနေသည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက   ပီအက်စ်ဂျီအသင်းနှင့် ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုထား သော်လည်း  လက်ရှိအချိန်ထိ  အနာဂတ်မရေရာမှု များရှိနေသည့်အပြင် ပီအက်စ်ဂျီအသင်းသည် ၎င်းနှင့်သက်တမ်းတိုး စာချုပ်ချုပ်ဆိုစဉ်က သဘောတူညီချက်များကို လက်ရှိတွင် လိုက်လျောခြင်း မရှိသည့်အတွက် အမ်ဘတ်ပီနှင့် ပီအက်စ်ဂျီအသင်းမှ တာဝန် ရှိသူများကြား ဆက်ဆံရေး မပြေလည်မှုများဖြစ်ပွားနေပြီး အနာဂတ်မှာလည်း မရေမရာဖြစ်နေသည်။

မန်ယူအသင်းပိုင်ရှင်များကလည်း အသင်းနည်းပြ  တန်ဟတ်အတွက် စတာလင်ပေါင် သန်း ၁၅၀ ခန့် ထုတ်ပေးမည်ဟု  သဘောတူညီမှု ရရှိထားပြီး  အမ်ဘတ်ပီကိုခေါ်ယူရန် နည်းပြတန်ဟတ်က တောင်းဆိုထားခြင်းဖြစ်သည်။

မန်ယူအသင်းအနေဖြင့် အမ်ဘတ်ပီကိုခေါ်ယူရန် စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုရဖွယ်ရှိပြီး ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၅၀ ကျော် အသုံးပြုရဖွယ် ရှိကြောင်း သိရသည်။