ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းမှ ကုန်ကြမ်းများ ပေါများလာသဖြင့် ရေထွက်ပစ္စည်း ထုတ်လုပ်သူများ အဆင်ပြေ

ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းမှ ကုန်ကြမ်းများ ပေါများလာသဖြင့် ရေထွက်ပစ္စည်း ထုတ်လုပ်သူများ အဆင်ပြေ

    ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့၌  ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး ရာသီအစတွင် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းမှ ငါးဖမ်းဆီး ရမိမှုများပြားကာ ကုန်ကြမ်းများပြန်လည်ပေါများလာသဖြင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ အဆင်ပြေလျက်ရှိသည်။

“ဒီရက်ပိုင်း    ကျွန်မတို့ဒေသမှာက ငါးခြောက်ကုန်ကြမ်း များများရနေတဲ့ အတွက် နယ်စုံက အဝယ်တော်တွေလာပြီး ဆက်သွယ်တာတွေရှိတယ်။ အထွေထွေစရိတ်တွေ ကြီးတဲ့အတွက် ငါးဈေးတွေကလည်း ဈေးအတက်ဘက်ကို ရောက်နေပါတယ်။ ရောင်းတာ  ဝယ်တာတွေကတော့  ပုံမှန်ရှိနေပါတယ်။ ကုန်သည်တွေနဲ့ ဈေးမကိုက်တဲ့ ငါးတွေကိုတော့ မြို့ပေါ်ကပွဲရုံတွေကို တင်ပို့ရောင်းချကြရပါတယ်။ ငါးခြောက်ဈေးတွေ အနေနဲ့ကတော့  ငါးတံခွန်ခွဲပြားခြောက် တစ်ပိဿာကို ၁၀၀၀၀ ကျပ်၊ ငါးဘူးစေ့အလုံးခြောက်တွေက တစ်ပိဿာကို ၈၀၀၀ ကျပ်၊ ငါးပုတ်သင် ခွဲပြားတွေက တစ်ပိဿာကို ၁၂၀၀၀ ကျပ်ထိ ဈေးရှိပါတယ်။ ငါးခြောက်အတွက်  ကုန်ကြမ်းတွေ ရနေတဲ့အတွက် ငါးဆေး၊ ငါးလှန်း လာလုပ်နေတဲ့ နေ့စား လုပ်သားတွေလည်း ပုံမှန်ဝင်ငွေတစ်ခုလို ဝင်ငွေတွေ ရနေပါတယ်”ဟု   ကံချိုင်ကျေးရွာ ငါးခြောက်ဒိုင်မှ ဒေါ်ငြိမ်းငြိမ်းက ပြောသည်။

ဟိုင်းကြီးကျွန်းမြို့အတွင်းရှိဒေသခံများအနေဖြင့်  တောင်ယာစိုက်ပျိုးခြင်းနှင့် နေလှန်းဆား လုပ်ငန်းများကို  အဓိကထား မှီခိုလုပ်ကိုင်လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း  ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းမှ ငါးတံခွန်၊ ငါးဘူးစေ့နှင့် ငါးပုတ်သင် စသည့် ငါးခြောက်ပြုလုပ်သည့် ငါးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိရာ အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း  သိရသည်။