ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ယခုလ ၁၅ ရက်တာအတွင်း နေလှန်းဆားတန်ချိန် ခုနစ်သိန်းတင်ပို့ရောင်းချ

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ယခုလ ၁၅ ရက်တာအတွင်း နေလှန်းဆားတန်ချိန် ခုနစ်သိန်းတင်ပို့ရောင်းချ

လပွတ္တာ၊ စီးပွားရေး

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ ယခုလ ၁၅ ရက်တာအတွင်း နေလှန်းဆားတန်ချိန်   ခုနစ်သိန်း  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း    လပွတ္တာမြို့နယ် နေလှန်းဆားထုတ်လုပ်ရေး လုပ်ငန်းရှင်များအသင်း ကုန်သွယ်ရေးတာဝန်ခံ ဦးဆန်းမင်း၏ ပြောကြားချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ  နေလှန်းဆား ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် နေလှန်းဆားများကို အဆင့်ဆင့်  စနစ်တကျ ထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း၊ နိုဝင်ဘာ ၂ ရက်မှ ၁၇ ရက်အထိ ၁၅ ရက်တာအတွင်း ရန်ကုန်တိုင်း ဒေသကြီးသို့   နေလှန်းဆားတန်ချိန်   ခုနစ်သိန်း  တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလတစ်လအတွင်း နေလှန်းဆားတန်ချိန် နှစ်သိန်းငါးသောင်းသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ရန်ကုန်ဈေးကွက်ကို တခြားဒေသက  နေလှန်းဆားတွေ  မဝင်သေးတာနဲ့  ငါးပိ၊ ငါးခြောက်လုပ်ငန်းတွေ   စတင်လုပ်ကိုင်လာတာ ကြောင့် ဧရာဝတီတိုင်းဒေသကြီးက နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်က အဝယ်များနေတာပါ။ နိုဝင်ဘာလအတွင်း ဆားအဝယ် လိုက်လာတာက ပြည်တွင်း ငါးပိ၊ ငါးခြောက်ဈေးကွက်က ပြန်လည်ကောင်းမွန်လာတာကြောင့် ဆားဈေးကွက်လည်း အရောင်းသွက် လာတာ ပါ။ ဒေသထွက် နေလှန်းဆားတွေကို စနစ် တကျထုတ်လုပ်ပြီး တင်ပို့ရောင်းချပေးနေ ပါတယ်။ နိုဝင်ဘာလက ဧရာဝတီတိုင်း ဒေသကြီးမှာ နေလှန်းဆားတွေ စတင် ထုတ်လုပ်တဲ့ကာလဖြစ်ပါတယ်။ နေလှန်း ဆားစတင်ထုတ်လုပ်တဲ့ရာသီမှာ အခုလို အရောင်း အဝယ်ကောင်းတော့ ထုတ်လုပ် သူတွေအတွက်  အဆင်ပြေပါတယ်” ဟု ဦးဆန်းမင်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၌   နေလှန်းဆားကို   ဖျာပုံမြို့နယ်၊ လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ် စသည့်မြို့နယ်တို့မှ ထွက် ရှိကြောင်း၊ အဆိုပါဒေသများမှ ထွက်ရှိသည့် နေလှန်းဆားများကို ဒေသဆားစက် များတွင် စနစ်တကျသန့်စင်ထုတ်လုပ်ပြီး နေပြည်တော်၊  ရန်ကုန်နှင့် မန္တလေးဈေး ကွက်တို့သို့  တင်ပို့ရောင်းချကြောင်းနှင့်အဆိုပါဒေသထွက် နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၄၅၀၀၀ အထိ   ဈေး နှုန်းရှိကြောင်း သိရသည်။   

သုတကျော်