မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေများပထမအကြိမ် ထုတ်ချေးပေး

စေတုတ္တရာ၊ လူမှုရေး

မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေများပထမအကြိမ် ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေများ ပထမအကြိမ်ထုတ်ချေးခြင်းကို နိုဝင်ဘာ ၁၆ ရက်တွင် ဖအိုင်းအနောက်ကျေးရွာရှိ ဘက်စုံသုံး ခန်းမဆောင်၌ ဆောင်ရွက်သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်းက မြစိမ်းရောင် ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများပြန်လည် ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ အသင်းသူ၊ အသင်းသားများ လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မွန်က စီမံကိန်းလက်စွဲစာဆောင်ပါ စီမံကိန်းစက်ဝန်း ကာလသတ်မှတ် ချက်များ၊ အတိုးနှုန်းသတ်မှတ်ချက်များနှင့် ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျေးရွာရှိ နေကြာသီးနှံစိုက်ပျိုးမည့်တောင်သူ ၅၂ ဦးထံ ချေးငွေကျပ်သိန်း ၁၀၀ ကို အတိုးနှုန်း သက်သာစွာ တောင်သူများ၏  လက်ဝယ်အရောက် ထုတ်ချေးပေးကြောင်း သိရသည်။

ကိုညို(ကျေးလက်)