YQR-11 မျိုးသစ်အား တောင်သူစိုက်ကွင်းတွင် စိုက်ပျိုးပြသ

နေပြည်တော်၊ လူမှုရေး

YQR-11 မျိုးသစ်အား တောင်သူစိုက်ကွင်းတွင် စိုက်ပျိုးပြသ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ တောင်သူအခြေပြုသုတေသနစခန်း တည်ထောင်ခြင်း အစီအစဉ်အဖြစ် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှ ထုတ်ဝေထားသည့် YQR-11 မျိုးသစ်အား စိုက်ပျိုးရေးဦးစီးဌာနဖြင့်ပူးပေါင်းကာ နေပြည်တော် ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာနှင့် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာတို့ရှိ တောင်သူစိုက်ကွင်း၌ စိုက်ပျိုး ပြသကြောင်း သိရသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် တောင်သူအကျိုးပြုသုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း မိမိတို့၏မျိုးနှင့်နည်းပညာများ တောင်သူများလက်ဝယ် ရောက်ရှိရေးနှင့် တောင်သူများ အခက်အခဲ ပြဿနာများနှင့် လိုအပ်ချက်များ သိရှိနိုင်ရေးအတွက် တောင်သူအခြေပြု သုတေသနစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ YQR-11 မျိုးသစ်အား လက်ခံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ၎င်းစပါးမျိုးများကို ရှေ့ဆက်လက်စိုက်ပျိုးရန် ကြိုက်နှစ်သက်ကြကြောင်းနှင့် အနီးအနားမှ တောင်သူများအနေဖြင့်လည်း ၎င်းစပါးမျိုးမှာ မိမိတို့စိုက်ပျိုးသည့် စပါးမျိုးထက် ရောဂါဒဏ်ပိုမိုခံနိုင်ရည်ရှိခြင်း၊ အထွက်နှုန်းသာလွန်နိုင်ခြင်း စသည့်အချက်များကြောင့် ကြိုက်နှစ်သက်ကြကာ လာမည့်နှစ်တွင် စိုက်ပျိုးလိုကြကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)