အရေးကြောင်းကင်းတဲ့ အသားအရေ

အရေးကြောင်းကင်းတဲ့ အသားအရေ

အရေးကြောင်းကင်းတဲ့အသားအရေ၊ အရေပြားပိုင်ဆိုင်ဖို့ဆိုရင် အရေပြားမှာ ကော်လာဂျင်တွေပြည့်နေဖို့ အရေးကြီးပါတယ်။ အသက် ၃၅ နှစ်အရွယ်ထိကော်လာဂျင်ထုတ်လုပ်မှုရှိပြီး အသက် ၃၅ နှစ်အရွယ်ကနေစပြီး ကော်လာဂျင်ထုတ်လုပ်မှု တွေကျဆင်း သွားမှာဖြစ်တယ်။ ဒါကြောင့်အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှကာကွယ်ဖို့က ကော်လာဂျင်ပြည့်ဝဖို့ အရေးကြီးပါတယ်။ အသက် ၃၅ နှစ်ကစပြီး ကော်လာဂျင်သောက်ပေးသင့်ပါတယ်။

ကော်လာဂျင်ဆိုတာ တွဲဆက်တစ်သျှူး ဖြစ်တယ်။ ကော်လာဂျင်ကပရိုတင်းနဲ့ ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ သုံးပုံတစ်ပုံ လောက်က  ပရိုတင်းနဲ့ဖွဲ့စည်းထားတာ ဖြစ်တယ်။ ကော်လာဂျင်ဆိုတာက အရေပြား၊ အရိုးနဲ့အရွတ်ပေါ်မှာရှိပါတယ်။ ကော်လာဂျင် ဆိုတာ ဖိုင်ဘလိုဂလက်ခေါ် အရောင်ကြောင့်ပြောင်းလဲတဲ့ ဆဲလ်ပေါ်မှာရှိတယ်။ ဂလက်ဆဲလ်ကနေ ထုတ်ပေးခြင်းဖြစ်ပြီး အီလက်စတင်နဲ့အတူတူတွဲပြီးတော့ထွက်ပါတယ်။ ကော်လာဂျင်ရှိရင် အသားအရေတင်းရင်းတာ ရရှိစေနိုင်ပါတယ်။    အီလက်စတင် ကတော့ အသားအရေလျော့တွဲမသွားအောင် ကာကွယ်ပေးနိုင်တာဖြစ်တယ်။ အရွယ်တင်နုပျိုလှပဖို့အတွက်ဆိုရင် ကော်လာဂျင် ပြည့်ပြည့်၀၀ရှိဖို့ လိုအပ်ပါတယ်။

အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေတဲ့ အကြောင်းအချက်အလက်တွေ   ရှိကြပါတယ်။ နေရောင်ခြည်ကအရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတယ်။ အပူပြင်းထန်တဲ့နွေရာသီမှာထီး၊ ဦးထုပ်အဆောင်းအကာမပါဘဲ Suncream မလိမ်းထားဘဲ အပြင်ထွက် မယ်ဆိုရင် နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကမျက်နှာမှ အသားအရေတွေပေါ် ကျရောက်ပြီး အသားအရေမှာ အရေး ကြောင်းဖြစ် လာကာ အိုမင်းရင့်ရော်လာစေနိုင်တယ်။ အသားအရေမှာ ဝက်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်တွေဖြစ်နိုင်တယ်။

နေရောင်ခြည်အောက်မှာ အကာအကွယ်မပါဘဲမသွားသင့်၊ မလုပ်သင့်ပါဘူး။ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုများတဲ့မနက် ၁၀ နာရီမှ ညနေ ၃ နာရီကြားနေရောင်ခြည်ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုများတာ လျှော့ချသင့်ပါ တယ်။ စိတ်ဖိစီးမှုများတာကလည်း အိုမင်းရင့်ရော်ခြင်း ဖြစ်စေပါတယ်။ စိတ်ဓာတ်ကျတာများလာတဲ့အခါ၊ စိတ်တိုတဲ့အခါ၊ စိတ်အား ငယ်တဲ့အခါမျိုးမှာ အသားအရေကပုံမှန်ထက်စာရင် ပိုပြီးအရေးကြောင်းတွေ ဖြစ်လွယ်ပါတယ်။ အသားအရေညိုညက်ညက်ဖြစ်ကာ မွဲခြောက်ခြောက်ဖြစ်တာမျိုးတွေ၊ မျက်ကွင်းညိုတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ညဘက်အိပ်ရေးပျက်တာ၊ အိပ်ရာဝင်နောက်ကျတာ၊ ညဘက်အိပ်မပျော်တာတွေကလည်း စိတ်ဖိစီးမှုရဲ့ အကြောင်းခံဖြစ်တဲ့အတွက် အိပ်မပျော်တဲ့ရက်တွေ၊ စားမဝင်တဲ့ ရက်တွေပိုများ လာတဲ့အခါ အရေးကြောင်းတွေပေါ်လာပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းဟာ အရွယ်မတိုင်မီပိုမိုရင့်ရော်စေတယ်။ ဆေးရွက်ကြီးအခြေခံပစ္စည်းမှာ လူကိုစွဲလမ်းစေတဲ့ နီကိုတင်းဓာတ်ပါဝင်ပြီး ကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်း ၄၀ ကျော်နဲ့အခြားဓာတုပစ္စည်း ၄၀၀၀ ကျော်ပါဝင်တာကြောင့် မသောက်စား သင့်ပါဘူး။ ဆေးလိပ်ငွေ့ထဲမှာပါတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်က ပုံမှန်ရှူရှိုက်နေတဲ့အောက်ဆီဂျင်နေရာမှာ အစားထိုးပြီး ယူလိုက်တဲ့အတွက် မကောင်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေရှူမိတဲ့အခါ မျက်နှာမှာဆေးလိပ်ငွေ့ရဲ့ ရိုက်ခတ်မှုကြောင့် အရေးကြောင်း ပိုမိုဖြစ်လာတယ်။ မျက်စိအောက်မှာ အရေးကြောင်းပေါ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နီကိုတင်းဓာတ်က ခန္ဓာကိုယ်ရဲ့ သွေးကြောတွေကို ကျဉ်းစေနိုင်တဲ့အတွက်ကြောင့် ဆေးလိပ်သောက်တာက သွေးကြောကျဉ်းတာကိုပါဖြစ်စေပြီး အရေးကြောင်းတွေ ပိုပြီးထွက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့်  လေထုညစ်ညမ်းစေပြီး အရွယ်မတိုင်မီသေဆုံးနိုင်ပါတယ်။

ဆေးလိပ်ကို အီးစီးကရက်နဲ့ဖြတ်ကြတယ်။ အီးစီးကရက်ရဲ့ပထမရည်ရွယ်ချက်က ဆေးလိပ်ဖြတ်ဖို့ဖြစ်ပေမယ့် လူကိုစွဲလမ်းစေတဲ့   နီကိုတင်းနဲ့ အနံ့အရသာပေါင်းစပ်ထားလို့အီးစီးကရက်ကိုပါ စွဲလမ်းစေတယ်။ ဆေးလိပ်ကိုကွမ်းနဲ့လည်း မဖြတ်သင့်ဘူး။ လည်ချောင်း ကင်ဆာ၊ လျှာကင်ဆာ၊ အစာရေမျိုပြွန်ကင်ဆာဖြစ်စေနိုင်ပါတယ်။

အရက်ဖြတ်သင့်ပါတယ်။ အရက်ကကိုယ်ခန္ဓာအတွက် သုံးတတ်ရင်ဆေးဖြစ်တယ်။ အမျိုးသားများ ညစာမစားခင်အရက်နှစ်ပက်၊   အမျိုးသမီးဆိုရင် တစ်ပက်သောက်ရင် နှလုံးသွေးကြောရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပေမယ့် အရက်ကလူကို စွဲလမ်းစေပါ တယ်။ အရေပြားအလှအပကို ကြည့်ရင်လည်း အရက်ကို နေ့စဉ်သောက်သုံးသူတွေဟာ အသားအရေမှေးမှိန်လာတာ၊ ဖောလာတာ၊ အရေးကြောင်းတွေဖြစ်လာတာ၊ ရေဓာတ်ခန်းခြောက်တာ၊ အသားအရေခြောက်ကပ်တာတို့ဖြစ်နိုင်ပြီး ညဘက်အိပ်မပျော်တာတွေ ဖြစ်စေနိုင်ပါတယ်။

ဒေသလုပ်ချက်အရက်တွေက လူတို့သောက်သုံးဖို့လုံးဝမဖြစ်နိုင်တဲ့ ဆာလ်ဖျူရစ်အက်စစ်ပြင်း၊ ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ အက်ဒရင်းတို့က အရက်ကြောင့် ဖြစ်စေတဲ့အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်ရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊ အသည်းမှာ အမှတ်စွဲထင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ စောစောဖြစ်ကာ မအိုဆေးဆိုပြီး နောက်ပြောင် ရတဲ့ထိ လူ့သက်တမ်းတိုကာ အရေပြားပြဿနာ မျိုးစုံဖြစ်နိုင်တယ်။

အထိုင်လျှော့သင့်ပါတယ်။ အရွယ်မတိုင်မီအိုမင်း ရင့်ရော်တာကိုဖြစ်စေတဲ့ အထိုင်များတာကြောင့်အရေပြားမှာ အရေးကြောင်းပိုများ စေတယ်။ တစ်နေ့တာ မှာအထိုင်များတဲ့သူတွေ၊ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေ၊လှုပ်လှုပ်ရှားရှားမရှိတဲ့သူမျိုးတွေက ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုမရှိတဲ့အတွက် ကျန်းမာရေးချို့ယွင်းနိုင်တယ်။ လူတိုင်းနေ့စဉ်နာရီဝက်မှတစ်နာရီအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ကစားသုံးလို့ ပိုလျှံတဲ့ကယ်လိုရီကို ချွေးအဖြစ် စွန့်ထုတ်ပစ်လို့အဆီစုခြင်း၊ အဝလွန်ခြင်း၊ နှလုံးသွေးကြောရောဂါတို့မှ ကင်းဝေးစေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်မှသာ တစ်ကိုယ်လုံးကိုသွေးလည်ပတ်မှု ရောက်ရှိပြီးတော့ ကော်လာဂျင်ထုတ်တာကိုလည်း အားပေးနိုင်မှာဖြစ်တယ်။ အဝလွန်တာ၊ ဆီးချို၊ သွေးတိုးရောဂါဖြစ်စေတာကို ကျဆင်းနိုင်မှာပဲ ဖြစ်တယ်။

သကြားအစားများတာ ရှောင်ကြဉ်သင့်ပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်တာကိုဖြစ်စေနိုင်တဲ့သကြားဓာတ်အစားများတာလည်း သက်ဆိုင်ပါတယ်။ သကြားထဲမှာပါလာတဲ့ဓာတ်က အချိန်ကြာလာတဲ့အခါခန္ဓာကိုယ်ထဲမှာ ပရိုတင်းကနေ တစ်ဆင့် ဓာတ်ပစ္စည်း အဖြစ် ပြောင်းသွားတာဖြစ်တယ်။ ဒီလိုပြောင်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ အရေးကြောင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဆီအဆိမ့် တွေကလည်း လူကိုဝလာစေတယ်။ အရေးကြောင်းတွေက ပုံမှန်သူတွေထက်ပိုပြီး ထွက်တယ်ဆိုတဲ့ လေ့လာချက်တွေလည်း တွေ့ရှိထားပါတယ်။

လူတိုင်းတာရှည်ခံ အစားအစာရှောင်သင့်ပါတယ်။ လူငယ်အများစုကြိုက်တဲ့ အစားအသောက်ထဲမှာ တာရှည်ခံအောင် လုပ်ထားတဲ့ ခေါက်ဆွဲခြောက်၊ အသားပြား၊ ဝက်အူချောင်းစတဲ့ အစားအသောက်တွေကလည်း အသားအရေကို ရေဓာတ်ခန်းခြောက်စေပါတယ်။ ကော်လာဂျင်ဟော်မုန်း ထုတ်လုပ်နိုင်စွမ်းနည်းစေပြီး အသားအရေကို နီမြန်းရောင်ရမ်းစေနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အစားအစာတွေ၊ ဒီလိုတာရှည်ခံ အစားအစာတွေစားမိရင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုး တိုးတက်စေဖို့အတွက်လည်း ထိခိုက်စေပါ တယ်။

အသင့်အမြန်စားအစာ snaps များရှောင်သင့်ပါတယ်။ ဆင်းဒဝှစ်၊ ပီဇာ၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ လမ်းဘေးထမင်း ဟင်းတွေဟာ အင်အော်ဂဲနစ်ထွက်ပစ္စည်းနဲ့စီမံထားပြီး အကြော်ခံဆီ၊ အသွင်ပြောင်းဆီ၊ ပြည့်ဝဆီ၊ တိရစ္ဆာန်အဆီတွေနဲ့ စီမံထား တတ်လို့ အရွယ်ပိုရင့်စေကာ အရေးကြောင်း ပိုပြီးစောစောဖြစ်နိုင်တယ်။ အိမ်မှာ စနစ်တကျ ချက်ပြုတ်စားသောက်တတ်တဲ့ အလေ့အကျင့် ပြုမူသင့်ပါတယ်။ ဓာတုဆိုးဆေး၊ ဓာတ်မြေသြဇာကင်းစင်အောင် ဆားငန်ရည်မှာ ၁၅ မိနစ်ခန့်စိမ်ပြီး ရေစင်စင် ဆေးကြောကာ ချက်ပြုတ်စားသောက်သင့်ပါတယ်။ အိမ်ထမင်း၊ အိမ်ဟင်း၊ အိမ်ကလုပ်တဲ့မုန့်သာ စားသုံးသင့်ပါတယ်။ ။

 

ဒေါက်တာလွင်သန့်