မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၂၂)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၂၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်အမှတ် ၇၀/၂၀၂၂၊ ၇၁/၂၀၂၂၊ ၇၂/၂၀၂၂၊ ၇၃/၂၀၂၂ နှင့် ၇၄/၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား၊ အကျဉ်းသူစုစုပေါင်း ၅၇၇၄ ဦးနှင့် အခြား အကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။ ထို့ပြင် အမှုဖွင့်တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို ၎င်းတို့အပေါ်စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လူသားချင်းစာနာထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးမှုနှင့်ပတ်သက်သော ရည်ရွယ်ချက်ကို အမျိုးမျိုးဖော်ပြပြောဆိုမှုများ ရှိသော်လည်း သက်ဆိုင်ရာ မိသားစုများအနေဖြင့် ယင်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသည်မှာ အထင်အရှားပင်ဖြစ်ပါသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အကျိုးစီးပွားများအတွက် နောင်အနာဂတ်တွင်လည်း အလားတူအပြုသဘောဆောင်သော ခြေလှမ်းလုပ်ဆောင်မှုများ ချမှတ်လုပ်ဆောင်နိုင်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါ ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်