ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ New Starlight Construction Co.,Ltd. မှ Laptop ကွန်ပျူတာများ ပေးအပ်လှူဒါန်း

နေပြည်တော်  နိုဝင်ဘာ  ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ New Starlight Construction Co.,Ltd. မှ Laptop ကွန်ပျူတာများ ပေးအပ်လှူဒါန်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လုပ်ငန်းစဉ် (၁)နှင့်အညီ မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်(၅)အရ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေးအတွက်    ကြိုတင် ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူဖြစ်စေရန် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် New Starlight Construction Co.,Ltd. မှ ငွေကျပ်သိန်း ၁၂၅၀ တန်ဖိုးရှိသော Laptop ကွန်ပျူတာအလုံးရေ ၅၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် New Starlight Construction Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် New Starlight Construction Co.,Ltd. ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက Laptop ကွန်ပျူတာများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးထံ ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။                     

(သတင်းစဉ်)