ပဋိဇီဝဆေးယဉ်ပါးမှုနှင့် အဏုဇီဝပိုးအန္တရာယ်

ပဋိဇီဝဆေးယဉ်ပါးမှုနှင့် အဏုဇီဝပိုးအန္တရာယ်

ပဋိဇီဝဆေးဆိုသည်မှာ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးပိုးတို့ကို အမြစ်ပြတ်အောင်ကုသရန်အတွက် အသုံးပြုသော ဆေးဝါးများဖြစ်ကြသည်။ အဆိုပါ ပဋိဇီဝဆေးဝါးများကို ကမ္ဘာပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၈၀ ခန့်မှစ၍ ဖော်စပ်အသုံးပြု လာခဲ့ကြသည်။ ယခုချိန်ထိလည်း ပဋိဇီဝဆေးထုတ်လုပ်မှု အားကောင်းလျက်ရှိနေသည်။ သို့သော် ပဋိဇီဝဆေးများကို စနစ်တကျ မသုံးစွဲမှုကြောင့် ဆေးယဉ်ပါးမှု  ပိုမိုများပြားလာသဖြင့် WHO က နှစ်စဉ် နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်ကြားကာလကို  “ကမ္ဘာ့အဏုဇီဝ ပိုးတိုက်ဖျက်ရေး အသိပညာပေး ရက်သတ္တပတ်” အဖြစ် သတ်မှတ်ထားပါသည်။ ထိုသို့သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်များမှာ (က)ကမ္ဘာလုံးဆိုင်ရာ ပဋိဇီဝဆေးယဉ်ပါးမှုကို သတိပြုမိကြစေရန်၊ (ခ) အများပြည်သူ၊ ကျန်းမာရေးဝန်ထမ်းများနှင့်   မူဝါဒချမှတ်သူ များကြားတွင် အကောင်းဆုံး အလေ့အကျင့်များကို အားပေးမြှင့်တင်ရန်တို့အတွက်ဖြစ်သည်။

ပဋိဇီဝဆေးယဉ်ပါးမှု (Antimicrobial resistance - AMR) ဆိုသည်မှာ အထက်ဖော်ပြပါ ပိုးကောင်များသည် အချိန်ကာလ ကြာလာ သည်နှင့်အမျှ ပြောင်းလဲလာကာ ၎င်းတို့ကိုကုသသော ဆေးဝါးများအပေါ် တုံ့ပြန်မှုမရှိတော့ခြင်း ဖြစ်သည်။ ပဋိဇီဝဆေး ယဉ်ပါးမှု ကြောင့် ကူးစက်ရောဂါများကို ကုသနိုင်စွမ်းလျော့နည်းလာသည်။ တစ်နည်းအားဖြင့် ဆေးမတိုးတော့ပေ။ ထိုအခါ ရောဂါပိုးများ ကုသရန် ပိုမိုခက်ခဲသော ရောဂါပြန့်ပွားမှု၊ ပြင်းထန်ဖျားနာမှုနှင့်အတူ အဆိုးရွားဆုံး အခြေအနေ၌ သေဆုံးနိုင်ခြေကို ဖြစ်ပေါ် လာစေသည်။

သတိထားရမည့် မှိုပိုး

မျက်မှောက်ကာလတွင် တိရစ္ဆာန်များနှင့် လူများအကြား ကူးစက်နိုင်သောရောဂါများသည် နေ့စဉ်ဘဝနေထိုင်မှုအပေါ် ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ လူနှင့်တိရစ္ဆာန်အကြား ဆက်သွယ်မှုကိုခွဲခြားရန် လွန်စွာခက်ခဲနေသည်ဖြစ်ရာ တိရစ္ဆာန်များမှ လူသို့ကူးစက်နိုင်ရန် အခွင့်အလမ်းများလည်း ပိုမိုတိုးပွားနေသည်။ ထို့ကြောင့် ယနေ့ကမ္ဘာကြီးတွင် အချိန်တိုအတွင်း ဖြစ်ပေါ်လာသော ရောဂါအသစ်များ၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သောရောဂါများကို တုံ့ပြန်ကာကွယ်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

ကမ္ဘာတစ်ဝန်းတွင် မှိုပိုးကူးစက်မှု သိသိသာသာမြင့်တက်လာပြီး အထူးသဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း ဆေးရုံတက် လူနာများကြားတွင် မှိုပိုးကူးစက်မှု လွန်စွာမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ မှိုပိုးကူးစက် နိုင်ခြေအများဆုံး လူဦးရေတွင် ကင်ဆာ၊ HIV/AIDS၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှု၊ နာတာရှည် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါနှင့် တီဘီရောဂါကူးစက်ခံရသူများ  ပါဝင်ကြောင်း  သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ ကမ္ဘာကြီး ပူနွေးလာမှု၊ နိုင်ငံတကာခရီးသွားလာမှုနှင့် ကုန်သွယ်မှုများ တိုးလာခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် မှိုရောဂါဖြစ်ပွားမှုနှင့် ပထဝီဝင် အနေအထားအရ ပေါ်ပေါက်လာကြောင်း သိရသည်။

အဖြစ်အများဆုံးရောဂါပိုးမှာ ပါးစပ်နှင့် မိန်းမကိုယ်တွင်ပေါက်သည့် မှက္ခရုဖြစ်ပြီး ကုသမှုကို ခံနိုင်ရည်ပိုရှိလာသည်နှင့်အမျှ လူအများကြား ကူးစက်မှုပုံစံများ ပို၍ကြီးထွားလာကြောင်း၊ ထိုသို့ မှိုပိုးကူးစက်မှုများ ကြီးထွားလာသည်နှင့်အမျှ ကုသမှုများကို ပိုမိုခံနိုင်ရည်ရှိလာခြင်းသည် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာဖြစ်လာကြောင်း WHO လက်ထောက် ညွှန်ကြားရေးမှူးချုပ် ပဋိဇီဝဆေးယဉ်ပါးမှု (AMR)မှ ဒေါက်တာ Hanan Balkhy က သတိပေးထားသည်။ လက်ရှိတွင် မှိုသတ်ဆေး အမျိုးအစား လေးမျိုးသာရှိပြီး မှိုပိုးများသည် ကုသမှုကို ခံနိုင်ရည်ရှိလာသည့်အတွက် အဓိကခြိမ်းခြောက်မှု တစ်ခုဖြစ်လာကြောင်း ဒေါက်တာကဆိုသည်။

ဆေးဝါးအတုများနှင့် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်

အရည်အသွေးမပြည့်မီသော ဆေးဝါးအတုများကြောင့်လည်း ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်ကို ဖြစ်စေနိုင်သည်။ ပဋိဇီဝဆေး ယဉ်ပါးမှုကြောင့် ရောဂါကုသရာတွင် ထိရောက်မှုမရှိတော့ဘဲ ကုသရန် ခက်ခဲလာခြင်း၊ ဆေးရုံကြာမြင့်စွာတက်ရခြင်း၊ ဆေးကုသမှု စရိတ် ပိုမိုကုန်ကျခြင်း၊ ကုသရန်မဖြစ်နိုင်တော့ခြင်း၊ သေဆုံးမှုမြင့်မားခြင်းတို့ကိုဖြစ်စေနိုင်ပြီး ဆေးရုံတက် ရောက်နေသော လူနာ ၁၀ ဦးလျှင် ပျမ်းမျှ တစ်ဦးနှုန်းသည် ဆေးကုသမှု ခံယူနေစဉ်အတွင်း ဆေးရုံမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရနိုင်သည်။ ထို့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှုသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို    ခြိမ်းခြောက်နေသဖြင့် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုနှင့် ကပ်ပါးပိုးတို့ကို တိုက်ဖျက်နိုင်သော ပဋိဇီဝဆေးဝါးများကို သုံးစွဲသည့်အခါတိုင်း  ကျန်းမာရေးစောင့်ရှောက်မှု ပေးသူတစ်ဦး ဦးထံမှ ညွှန်ကြားချက်ကို အမြဲရယူရမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးထားသည်။ သုတေသီများ၏ လေ့လာချက်အရ ကိုဗစ်ကူးစက်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်အတွင်း လူဦးရေ ၁ ဒသမ ၂၇ သန်းခန့်သည်   ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

မွေးမြူရေးတိရစ္ဆာန်များမှတစ်ဆင့် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်

ပဋိဇီဝဆေးယဉ်ပါးမှုကိစ္စသည် အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိဆန္ဒဖြင့် ပဋိဇီဝဆေးများကို ဝယ်ယူသောက်သုံးမှုကြောင့် ဖြစ်စေနိုင်သည့်အပြင် မျက်မှောက်ကာလတွင် လူအများစားသုံးရန် စီးပွားဖြစ် မွေးမြူထားသော ကြက်၊ ဝက် စသည်တို့ ကိုယ်အလေးချိန်    တိုးစေရန်အတွက် ဖြည့်စွက်စာနှင့် ဆေးဝါးများ တိုက်ကျွေးမွေးမြူလျက်ရှိရာ    ထိုတိရစ္ဆာန်များကို စားသုံးမိသော လူတို့ကိုလည်း သွယ်ဝိုက်သောနည်းအားဖြင့် ပဋိဇီဝဆေးယဉ်ပါးမှုနှင့် အဏုဇီဝပိုးအန္တရာယ်များဖြစ်ပေါ်စေတတ်သည်။ လက်ရှိ  မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြား ရင်ဆိုင်နေရသည့် ကိစ္စတစ်ရပ်လည်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန်မြို့ အင်းစိန် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်အစာနှင့် ဆေးဝါးသုတေသနဌာနစိတ်တွင် တိရစ္ဆာန်အစာနှင့် ဆေးဝါးများ တင်သွင်း၊ တင်ပို့ ရောင်းဝယ်သုံးစွဲရာ၌ အရည်အသွေးစစ်ဆေးမှုကို ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။ ထို့ပြင် တိရစ္ဆာန်များတွင် တားမြစ်ပဋိဇီဝဆေးဝါးများ အသုံးပြုမှု စောင့်ကြည့်စစ်ဆေးရေးစီမံချက်ကို စနစ်တကျထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ်တာဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ စောင့်ကြည့်စစ်ဆေးခြင်းနှင့် ဥ၊ နို့၊ အသားတို့တွင် ဓာတ်ကြွင်းပစ္စည်းများ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးခြင်းတို့ကို စီမံချက် ထားဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

စပ်ဆေးများနှင့် ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်

ဆေးဆိုင်အချို့က ရောင်းချလေ့ရှိသည့် စပ်ဆေးများကြောင့်လည်း ဆေးယဉ်ပါးမှု ဖြစ်စေနိုင်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေး ညီလာခံ၌ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံကိန်း (Global Action Plan) ကို သဘောတူ ချမှတ်ခဲ့သည့်အပြင်  WHO ကလည်း ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး ပြဿနာကြီး ၁၀ ခု စာရင်းတွင် ထည့်သွင်းထားသည်။  မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် အားလျော်စွာ ကျန်းမာရေးအတွက် ကုန်ကျစရိတ်ကြီးလေးမှုကို ရှောင်လွှဲကြရသဖြင့် လမ်းဘေးဆေးဆိုင်များတွင် ရောင်းချနေသော စပ်ဆေးများ ဖြင့်သာ အကျွမ်းတဝင် ဖြစ်နေကြရသည်။ ထို့ကြောင့် ပဋိဇီဝဆေးများအား တလွဲသုံးစွဲခြင်းသည် အချိန်တိုအတွင်း ဆေးယဉ်ပါးမှု ဖြစ်စေနိုင်သကဲ့သို့ ကျား မ လူမျိုးမရွေး၊ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သဖြင့် အကယ်၍ပဋိဇီဝဆေးများကိုသုံးစွဲမည်ဆိုပါက နားလည်တတ်ကျွမ်းသော ကျန်းမာရေးစောင့်ရှောက်သူများနှင့် မဖြစ်မနေတိုင်ပင်သင့်ပြီး ညွှန်ကြားချက်အတိုင်း လိုက်နာသင့် ကြောင်း ပဋိဇီဝဆေးယဉ်ပါးခြင်း အန္တရာယ်နှင့်ပတ်သက်သည့် ကာကွယ်ရေးနှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ပေးလျက် ရှိသည်။

အချုပ်အားဖြင့်ဆိုသော် ပဋိဇီဝဆေးယဉ်ပါးမှုသည် နိုင်ငံများအားလုံးအတွက် အရေးကြီးသော ကျန်းမာရေးဆိုင်ရာကိစ္စဖြစ်သည်။ ပဋိဇီဝဆေးကို စတင်တွေ့ရှိခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၈၀ ခန့်မှစ၍ ယခုအချိန်ထိ  ရောဂါအများအပြားကို ကုသပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပဋိဇီဝဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်မပါဘဲ မိမိသဘောဖြင့် အဆင်ပြေသလို ဝယ်ယူသောက်သုံးခြင်း၊ ဆေးရုံ ဆေးခန်းများမှပေးလိုက်သည့် ပဋိဇီဝဆေးများကို သတ်မှတ်ချိန်အတိုင်း၊ သတ်မှတ်ပမာဏ နှင့် အတိုင်းအတာ အတိအကျ မသောက်ခြင်း၊ စပ်ဆေးများဝယ်ယူသုံးစွဲခြင်း စသည့် အလေ့အထများပြားနေသည့် မြန်မာ့ လူ့အဖွဲ့အစည်းအနေဖြင့် ပဋိဇီဝဆေး ယဉ်ပါးမှုနှင့် အဏုဇီဝပိုးအန္တရာယ်ကို ကျန်းမာရေးအသိ၊ သတိရှိကြစေလိုသည်။ မည်သို့ပင်ဆိုစေကာမူ လူနေအိမ်များ နှင့် ကျန်းမာရေး ဌာနများတွင် ရေကောင်းရေသန့်ရရှိမှု၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါက ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုးနှင့် ကပ်ပါးပိုး ပြဿနာများဖြစ်ပေါ်မှု   နည်းသွားပြီး ပဋိဇီဝဆေးဝါးများ အသုံးပြုမှုကို ၆၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါကြောင်း သတိပေးလိုက်ရပါသည်။   ။

ပေါက်ပေါက်