ဇီးပြားကြိုးပြင်ကာကွယ်တောသတ်မှတ်

ဂန့်ဂေါ  နိုဝင်ဘာ  ၁၈

ဇီးပြားကြိုးပြင်ကာကွယ်တောသတ်မှတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ မကွေးတိုင်း ဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၂၂၀၀)ဧကရှိသော နယ်မြေကို “ဇီးပြားကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၆၁/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၇)ရက်(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ဇီးပြားကြိုးပြင်ကာကွယ်တော ဧရိယာအား ကာကွယ်တောပတ်ဝန်းကျင်တွင်ရှိသော ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို   ဖြည့်ဆည်းပေးရန်၊ သဘာဝတောရိုင်းတိရစ္ဆာန်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် စိုက်ပျိုးမြေများအတွက် ရေရရှိနိုင်မည့် ရေဝေရေလဲဒေသ တို့ကို ထိန်းသိမ်းရန်တို့ကို ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

ဇီးပြားကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် ဧရိယာအတွင်း ပေါက်ရောက်လျက် ရှိသော ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်းနှင့် ထောက်ကြံ့ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် နေထိုင်ကျက်စားလျက်ရှိသော ချေ၊ တောကြောင်၊ တောကြက်၊ တောဝက်၊ မျောက်များနှင့် ငုံး၊ ခါ၊ သစ်တောက်ငှက်၊ ချိုး၊ စွန် စသည့် တိရစ္ဆာန်များအတွက် ကျက်စားရာ ဒေသတိုးပွားလာခြင်း၊ တောင် ချောင်းမကြီးနှင့် ကျောက်ထရံချောင်းတို့ပေါင်းဆုံ၍ ပုလောချောင်းအတွင်းသို့ စီးဆင်းသည့်အဓိက ရေဝေရေလဲဒေသအား ထိန်းသိမ်း နိုင်မည် ဖြစ်ခြင်းနှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေမည်ဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရှိနိုင်မည်ဖြစ်ပါသည်။ 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန