ဝန်ထမ်းများပျော်ရွှင်အပန်းပြေစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့ဖျော်ဖြေ

နေပြည်တော် နိုဝင်ဘာ ၁၈

ဝန်ထမ်းများပျော်ရွှင်အပန်းပြေစေရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် အငြိမ့်အဖွဲ့ဖျော်ဖြေ

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှတာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်းပြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှု တစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့်အတူ မြန်မာ့အသံမှ တေးသံရှင်များ က နေပြည်တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည်ဖျော်ဖြေလျက်ရှိသည်။

အဆိုပါဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ကျင်းပရာ  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်ဇနီး၊နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှအရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်တေးသံရှင် ဂျင်းနီ၊ မြန်မာ့အသံမှ တေးသံရှင်များက တေးသရုပ်ဖော်အကများ၊ မြန်မာသံစဉ်တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏    အဉ္ဇလီအငြိမ့်အဖွဲ့မှ ခေါင်းဆောင်မင်းသမီးမြတ်ဆုချယ်၊ ရှေ့ထွက်မင်းသမီး  ဖူးဧကရီဆောင်း၊  လူရွှင်တော် စောမင်းနောင်၊  ဇော်မင်းထွန်း၊  ဇင်ဝိုင်း၊ ကျော်မင်းစိုး၊ မျိုးကျော်သူနှင့် စိုင်းစည်သူတို့က    အငြိမ့်ကပြမှုဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးတို့က တေးဂီတ အဖွဲ့၊  မြန်မာ့အသံမှ တေးသံရှင်များနှင့်  အနုပညာရှင်များအား ဂုဏ်ပြုသစ်သီးခြင်းနှင့်  ဂုဏ်ပြုဆုငွေများ  ပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။                    

(သတင်းစဉ်)