ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာဆေးပညာဖိုရမ်တွင် Virtual စနစ်ဖြင့် မိန့်ခွန်းပြောကြား

နေပြည်တော် နိုဝင်ဘာ ၁၈

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာဆေးပညာဖိုရမ်တွင် Virtual စနစ်ဖြင့် မိန့်ခွန်းပြောကြား

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးမြို့၌ (၈)ကြိမ်မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Hybrid method ဖြင့်ကျင်းပရာ အဆိုပါ ဖိုရမ်ကျင်းပရေး အမှုဆောင်ဥက္ကဋ္ဌ Prof. Hongbing Liao က  နှုတ်ခွန်းဆက်စကားပြောကြား၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Key Note Speech ဖြင့် မိန့်ခွန်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်များအား ၂၀၀၈ ခုနှစ်မှစ၍ ယနေ့အထိ (၈) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယနေ့ကျင်းပသော (၈)ကြိမ် မြောက် တရုတ်-အာဆီယံ သွားဘက်ဆိုင်ရာ ဆေးပညာဖိုရမ်၏ဆောင်ပုဒ်မှာ All on ''Cloud Silk Road'' for Oral Healt ဖြစ်သည့် အတွက် ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ကျန်းမာရေးဆိုင်ရာဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြင့်လာခြင်းနှင့် ကိုက်ညီမှုရှိတာကိုလည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-မန္တလေး၊ သွားဘက်ဆိုင်ရာ ဆေး တက္ကသိုလ်-ရန်ကုန်နှင့် Guangxi Medical University Hospital၊ College of Stomatology တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လျက်ရှိပြီး ယခုအချိန်အထိ Guangxi Medical University၊ College of Stomatology မှ မြန်မာနိုင်ငံ၏ ဘွဲ့ကြို၊ ဘွဲ့လွန်ဆရာဝန် ၃၀ နီးပါးကို ပြုစုပျိုးထောင်ပေးခဲ့သည့်အတွက် များစွာဝမ်းမြောက်မိကြောင်း၊ ယနေ့သည် မြန်မာနိုင်ငံ  ကျန်းမာရေး ဝန်ကြီးဌာန ကုသရေးဦးစီးဌာနနှင့်  Guangxi Medical University၊ College of Stomatology မှ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို အွန်လိုင်းမှ တရားဝင်လက်မှတ်ရေးထိုးသည့် အခမ်းအနားလည်း ကျင်းပမည် ဖြစ်၍ နေ့ထူးနေ့မြတ် တစ်ရက်လည်း ဖြစ်ကြောင်း။

ထိုသို့ လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များအကြား ဆေးပညာရပ်ပိုင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်သည် တရုတ် ကွမ်ရှီး-အာဆီယံကျွမ်းကျင် ပညာရှင်အကြံပေးကော်မတီတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သွားဘက်ဆိုင်ရာ ဆေးပညာများအပါအဝင် ကျန်းမာရေးအသိပညာများဖလှယ်၍ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံမှ ပြည်သူပြည်သားများ၏ ကျန်းမာရေးကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် Guangxi Medical University၊ College of Stomatology မှ ပါမောက္ခချုပ်၊ Prof. Hongbing Liaowo တို့သည် သွားဘက်ဆိုင်ရာ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို Virtual စနစ်ဖြင့် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်ချီးမြှင့်သည်။

အဆိုပါဖိုရမ်ကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ သွားဘက်ဆိုင်ရာ ဆေးပညာရှင်များ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ သွားဘက်ဆိုင်ရာဆေးပညာရှင်များ ပါဝင်တက်ရောက် ဆွေးနွေးကြမည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့နှင့်အတူ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄၇) ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်၍ ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)