2022 Globe Soccer တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ဘင်ဇီမာနှင့် အမျိုးသမီးကစားသမားဆုကို ပူတဲလက်စ်တို့က ဆွတ်ခူးရရှိ

2022 Globe Soccer တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ဘင်ဇီမာနှင့် အမျိုးသမီးကစားသမားဆုကို ပူတဲလက်စ်တို့က ဆွတ်ခူးရရှိ

ဒူဘိုင်း၊ ဘောလုံး

ဒူဘိုင်းအားကစားကောင်စီက ကြီးမှူးပြီး နှစ်စဉ် ပေးအပ်ချီးမြှင့်သည့် 2022 Globe Soccer ဆုပေးပွဲအခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ကျင်းပရာ တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆုကို ပြင်သစ်အသင်းနှင့် ရီးယဲလ်မက်ဒရစ် အသင်း တိုက်စစ်ကစားသမား ဘင်ဇီမာရရှိခဲ့ပြီး အမျိုးသမီးကစားသမားဆုကို ဘာစီလိုနာအသင်းမှ ပူတဲလက်စ်တို့က ရရှိခဲ့ကြောင်း သိရသည်။

ဒူဘိုင်းအားကစားကောင်စီက Globe Soccer Award  ကို ၂၀၁၀ ပြည့်နှစ်က စတင်ပြီး ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း ပထမဆုံး ပေးအပ်သည့် ဆုပေးပွဲအခမ်းအနားတွင် တစ်နှစ်တာ အကောင်းဆုံးအားကစားဒါရိုက်တာဆု၊ တစ်နှစ်တာအကောင်းဆုံး အေးဂျင့်ဆု တို့ကိုသာ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ခုနှစ်ရောက်မှသာ တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုအပါအဝင် ဆုခြောက် မျိုး ပေးအပ်ခဲ့ခြင်းဖြစ်ကာ Globe Soccer တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကို ပထမဆုံးပေး အပ်ခဲ့သည့် အကြိမ်တွင် စီရော်နယ်ဒိုက ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၂၁  ခုနှစ်က  ပီအက်စ်ဂျီအသင်းနှင့်အတူ အမ်ဘတ်ပီက ဆွတ်ခူးရရှိ ထားခြင်း ဖြစ်သည်။

ဘင်ဇီမာသည် ပြီးခဲ့သည့် ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်၊ စပိန်လာလီဂါ၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့တစ်နှစ်တာအကောင်းဆုံးကစား သမားဆု ဖြစ်သည့် ဘလွန်းဒီအော့ဆုကို ကစားသမား ဘ၀ ပထမဆုံးအကြိမ်အဖြစ်ရရှိခဲ့သကဲ့သို့ ဥရောပ ဘောလုံးအဖွဲ့ချုပ်က ပေးအပ်သည့်    ဥရောပတစ်နှစ်တာ အကောင်းဆုံးအမျိုးသားကစား သမားဆုတို့ကိုရရှိခဲ့ပြီးနောက် ယခုအခါတွင်လည်း 2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆုကိုလည်း  ရရှိခဲ့ခြင်းဖြစ်သည်။

Globe Soccer တစ်နှစ်တာ အကောင်းဆုံးအမျိုးသား အားကစားသမားဆုကို အကြိမ်ရေအများ ဆုံးအဖြစ် စီရော်နယ်ဒိုက ခြောက်ကြိမ်ဖြင့် ရပ်တည်နေပြီး မက်ဆီက တစ်ကြိမ်သာ ရရှိထားသည်။

2022 Globe Soccer Award  ဆုပေးပွဲအခမ်း အနားတွင် ပေးအပ်ခဲ့သည့် တခြားဆုများအဖြစ် 2022 Globe Soccer Tik Tok အသုံးပြုသူများ ရွေးချယ်ပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို  လီဗာပူးအသင်းမှ  ဆာလက်ချ်၊ 2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံးအမျိုးသမီးဆုကို ဘာစီလိုနာအသင်းမှ ပူတဲလက်စ်၊  2022 Globe Soccer  ထာဝရ အကောင်းဆုံး ခံစစ် ကစားသမားဆုကို ပီအက်စ်ဂျီအသင်းမှ  ရာမို့စ်၊ 2022 Globe Soccer   တစ်နှစ်တာ အကောင်းဆုံး အမျိုးသားအသင်းဆုကို ရီးယဲလ်မက်ဒရစ်အသင်း၊ 2022 Globe Soccer တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးအသင်းဆုကို လိုင်ယွန်အသင်း၊ 2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုကို ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီ၊ 2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံးအေးဂျင့်ဆုကို ဂျော့မန်ဒက်၊ 2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံးအသင်းဥက္ကဋ္ဌဆုကို ရီးယဲလ်မက်ဒရစ် အသင်းဥက္ကဋ္ဌ  ပီရက်ဇ်၊  2022 Globe Soccer တစ်နှစ်တာ အကောင်းဆုံး လူငယ်အသင်းဆုကို ဘင်ဖီကာ အသင်းတို့က အသီးသီးဆွတ်ခူးခဲ့ကြကြောင်း သိရသည်။     

Ref; Globe Soccer.com