ပန်ကြူရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးပြင် ကာကွယ်တောသတ်မှတ်

ပန်ကြူရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးပြင် ကာကွယ်တောသတ်မှတ်

ကျိုင်းတုံ  နိုဝင်ဘာ  ၁၉

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင်ပြဋ္ဌာန်းထားသည့်   သစ်တော ဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်း ထားသော အခွင့်အာဏာများကို ကျင့်သုံး ၍ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၁၈၂၀)ဧကရှိသော နယ်မြေကို “ပန်ကြူရေဝေရေလဲထိန်းသိမ်း ရေးကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့် ကြော်ငြာစာအမှတ်(၁၆၃/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၈)ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

    ပန်ကြူရေဝေရေလဲ ထိန်းသိမ်းရေးကြိုးပြင် ကာကွယ်တော ဧရိယာအား ကျိုင်းတုံမြို့ရေပေးဝေရေး ဆောင်ရွက်ရာတွင် သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးမြေများအတွက် လိုအပ်သောရေကို အဓိက ထောက်ပံ့ပေးနေသည့် နမ့်ခင်ချောင်း ရေဝေရေလဲဒေသ၏ ရေ၊ မြေထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတုညီညွတ် မျှတရန်၊ မြေဆီမြေသား ကောင်းမွန်လာစေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုးရန် ရည်ရွယ်၍ ရေဝေရေလဲ ထိန်းသိမ်းရေး ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်ပါသည်။

    ပန်ကြူရေဝေရေလဲ ထိန်းသိမ်းရေး  ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် သဘာဝပေါက်ပင်များဖြစ်သည့် တောရှောက်၊ တစ်ပင်တိုင်မြနန်း၊ ဝံအူ၊ ကျားမနိုင်မြစ်၊ တောချင်းနက်နှင့် တောနနွင်းစသည့် ဆေးဖက်ဝင်အပင်များအပြင် တားမြစ်ရာ ပါသစ်ဖြစ်သည့် ထင်းရှူးပင်နှင့် အခြားသစ်မျိုးများဖြစ်သည့် ပရုတ်၊ လောက်ယား၊ စွယ်တော်၊ သစ်ချ၊ သစ်အယ်၊ နဘဲ၊ ရေနဲပင်များပေါများစွာ ပေါက်ရောက်လာနိုင်ခြင်း၊ တောဝက်၊ ဂျီ၊ ဒေါင်း၊ တောကြက်၊ တောကြောင်၊ မျောက် စသည့် တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသ တိုးပွားလာနိုင်ခြင်းနှင့် မဲခေါင်မြစ်အတွင်း စီးဝင်သည့် နမ့်လွေချောင်းရေဝေရေလဲ ဧရိယာအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန