နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ-၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ-၂

နေပြည်တော်  နိုဝင်ဘာ ၁၉

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၁) ကြိမ် မြောက်သတင်းစာ ရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊  သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်   ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။

ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊   သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်  ဗိုလ်ချုပ်ဇော်မင်းထွန်းက နံပါတ်တစ်အနေဖြင့် နိုင်ငံတော်အစိုးရက ချီးမြှင့်သည့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်နှစ် အနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်များမှ   ဖြေလျှော့သက်ညှာစွာ ဆောင်ရွက်ပေးမှု ကိစ္စရပ်များ၊ နံပါတ်သုံးအနေဖြင့် အာဆီယံအဖွဲ့ကြီးနှင့် ပတ်သက်သည့် ဆက်စပ်ကိစ္စရပ်များ၊ နံပါတ်လေးအနေဖြင့်   ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စရပ်များ၊ နံပါတ်ငါးအနေဖြင့် ပညာရေးနှင့်ပြည်ထောင်စုနယ်မြေ နေပြည်တော်ဆိုင်ရာ ကိစ္စရပ်များ၊ နံပါတ်ခြောက်အနေဖြင့် အကြမ်းဖက် ကိစ္စရပ်များကို ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း၊ နံပါတ်တစ်မှ ခြောက်အထိ မိမိအနေဖြင့် ရှင်းလင်းသွားမည်ဖြစ်ပြီး   ရွေးကောက်ပွဲကော်မရှင် အပိုင်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက    ရှင်းလင်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့နောက် မေး၊ ဖြေ ကဏ္ဍဖြစ်ပါကြောင်း၊ မေးခွန်းများမေးသည့် အခါတွင် စနစ်တကျဖြစ်စေရေး အခမ်းအနားမှူးမှ   မီဒီယာအမည်အလိုက် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာတစ်ခုလျှင် အချိန်ကန့်သတ်ချက်အရ မေးခွန်းတစ်ခုစီ မေးမြန်းပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင်ပြောကြားမည့် အကြောင်းအရာများကို  မပြောကြားမီ မီဒီယာများသို့ ပြောကြားလိုသည်မှာ မိမိတို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်သည် သတင်းမီဒီယာများ သိရှိမေးမြန်းလိုခြင်းများကို ဖြေကြားရန် အတွက်သာမဟုတ်ဘဲ နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များ ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော်မှုများကို ပြည်သူလူထု သိရှိရန်နှင့် ပြည်သူလူထုအား ပြန်ကြားပေးရန် သိရှိရမည့် အသိပညာ ဗဟုသုတများ ဖြန့်ဖြူးပေးရန်ဖြစ်ကြောင်း၊ ထို့ကြောင့် သတင်းစာ ရှင်းလင်းပွဲများကို လစဉ်ပုံမှန်ဆောင်ရွက်နေခြင်း ရှိသကဲ့သို့ မီဒီယာများ၏ မေးမြန်းမှုများကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးနေ့စဉ် ဖြေကြားပေးလျက်ရှိကြောင်း ပြောကြားသည်။

ပထမဆုံးအနေဖြင့်   ဂုဏ်ထူးဆောင် တံဆိပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း ကျေးဇူးရှိသူကို   ကျေးဇူးပြုခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင်   အရေးပါပြီး မင်္ဂလာရှိတဲ့ နေ့တစ်နေ့ဖြစ်သည့် အမျိုးသားအောင်ပွဲနေ့တွင် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခဲ့ပါကြောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရမည့် သူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါကြောင်း၊ ယမန်နေ့က ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့် ပေးအပ်ချီးမြှင့်ခဲ့သည့် အရေအတွက်အနေဖြင့် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ၊   မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့ ၄၂ ဦး ၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ၊   သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ စသည့်ဘွဲ့ ၂၂၇ ဦး ၊ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ၃ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ   စွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်တံဆိပ် ၁၇၇ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ၇ ဦး၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်များဖြစ်သည့် စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ် ၄၀၁ ဦး၊ စီးပွားရေး ထူးချွန်တံဆိပ်ဖြစ်သည့် လယ်ယာစီးပွား ထူးချွန်တံဆိပ်၊ စက်မှုစီးပွား ထူးချွန်တံဆိပ်၊ ဝန်ဆောင်မှု စီးပွားထူးချွန်တံဆိပ် ၁၁၈ ဦး၊ ပညာရပ်ဆိုင်ရာ ထူးချွန်တံဆိပ်များဖြစ်သည့်  သိပ္ပံပညာထူးချွန်တံဆိပ်၊    ဝိဇ္ဇာပညာ ထူးချွန်တံဆိပ်၊ နည်းပညာထူးချွန်တံဆိပ်၊ စာပေပညာထူးချွန်တံဆိပ် ၁၂၄ ဦးဖြစ်ပြီး စုစုပေါင်း ၁၀၉၉ ဦးဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့်   အလားတူ ချီးမြှင့်မှုများကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ၁၂၉၀ ဦး၊  တပ်မတော်နေ့တွင် ၈၇၇ ဦး ၊ နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ ၁၇ ရက်နေ့တွင် ၁၄၆ ဦးချီးမြှင့်ခဲ့ပါကြောင်း၊ ယနေ့ထိ စုစုပေါင်း ၄၃၁၂ ဦး ချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့၊   ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်သည့်နေရာတွင် ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်များကို မိမိအနေဖြင့် အနှစ်ချုပ်ပြောရမည်ဆိုပါက ခေတ်မီဖွံ့ဖြိုး တိုးတတ်သည့် နိုင်ငံတည်ဆောက်ရာတွင်  စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊  နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် နိုင်ငံခြား တိုင်းပြည်များမှ ခေါင်းဆောင်များ၊ သံတမန်များ၊ ဒို့တာဝန်အရေးသုံးပါးကို     ကာကွယ်စောင့်ရှောက်ရာတွင်   သက်စွန့်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊  ရပ်ရွာအေးချမ်းသာယာရေးနှင့်   တရားဥပဒေ စိုးမိုးရေး၊   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေး အတွက် နိုင်ငံရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ ထူးခြားစွာကြိုးပမ်းကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် အဆင့်မီအောင်မြင်စွာ ဖန်တီးစွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားစွာ တတ်မြောက်ခဲ့သည့် ပုဂ္ဂိုလ်များကို ချီးမြှင့်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့သည်   မြန်မာနိုင်ငံ၏(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖြစ်ပါကြောင်း၊ ၇၅ နှစ်တာကာလအတွင်း နိုင်ငံ့အကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ကြသူများကို ဖော်ထုတ်ရမည်ဖြစ်ပါကြောင်း၊ ချီးမြှင့်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် လုပ်ဆောင်မှုကို ဖော်ထုတ်ပြီး အစဉ်အလာဖြစ်သွား အောင်လုပ်ရမည်ဖြစ်ပါကြောင်း၊ ယင်းကိုရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊ သို့သော် အကောင်းမမြင်နိုင်သေးသည့် အမျိုးမျိုးသော   ဝေဖန်မှုများ ရှိမည်ဖြစ်ကြောင်း၊   ယခင်ချီးမြှင့်စဉ်က မြန်မာ့ငြိမ်းချမ်းရေးကို အစဉ်တစိုက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်    တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၊ EAO ခေါင်းဆောင်များကို ချီးမြှင့်စဉ်က ယခုကဲ့သို့ဝေဖန်မှုများ၊ သွေးခွဲမှုများ ပေါ်ပေါက်ခဲ့ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့တွင် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်း ကိစ္စများကို သိသာထင်ရှားအောင် ထုတ်နုတ်ပြသလိုသည်များကို    ထုတ်နုတ်ပြောကြား လိုပါကြောင်း၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် မိမိတို့အစိုးရ အနေဖြင့်   ယခင်အစိုးရလက်ထက်က ဘွဲ့တံဆိပ်ရရှိရန် အရည်အချင်း ကိုက်ညီပြီး ကျန်နေသည့် ပုဂ္ဂိုလ်များကို မိမိတို့အစိုးရ လက်ထက်တွင် စိစစ်ရွေးချယ်  ပေးအပ်ခဲ့ပါကြောင်း၊   မိမိတို့အစိုးရ၏မူဝါဒသည် မည်သည့်အစိုးရလက်ထက်တွင်  တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မည်သည့်ပါတီဝင် ဖြစ်ခဲ့ကြောင်း၊ မည်သူ၏ လူဖြစ်ခဲ့သည်မှာ အရေးမကြီးပါကြောင်း၊ တိုင်းပြည်အတွက်၊ နိုင်ငံအတွက် မည်မျှတာဝန် ထမ်းဆောင်ခဲ့သည်သာ အရည်အချင်းဖြစ်ပါကြောင်း၊ ယမန်နေ့ကထုတ်ပြန်ခဲ့သည့်    အမိန့်ကြော်ငြာစာ အမိန့်အမှတ်၊ ၂၁၂ /၂၀၂၂ အရ သီရိပျံချီဘွဲ့ ချီးမြှင့်ခံရသူ ၂၃ ဦးနှင့်ပတ်သက်ပြီး ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားသည်။

NLD အစိုးရလက်ထက် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ၁၂ ဦး ပါဝင်ပါကြောင်း၊ သီရိပျံချီဘွဲ့ ၂၃ ဦး ထဲတွင် ဦးမျိုးညွန့်၊ ဒေါက်တာ ဝင်းသိန်း၊ ဒေါက်တာဖေမြင့်တို့ အပါအဝင် ၁၂ ဦး ပါဝင်ပါကြောင်း၊  အသေးစိတ်ဇယားများကို  ဘုတ်များတွင် မီဒီယာများ လေ့လာနိုင်ပါကြောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ၅၉ ဦးရှိပြီး   NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းလွင်၊ ဦးဗရတ်ဆင်း၊ ဦးဝင်းမော်ထွန်းနှင့် ဦးလှမော်ဦးတို့ အပါအဝင် ၁၂ ဦးရရှိပါကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံ သည်   အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသောနိုင်ငံဖြစ်ပါကြောင်း၊ ဗုဒ္ဓ ဘာသာကို နိုင်ငံသားအများစု ကိုးကွယ်သည့် ဘာသာဟု အသိအမှတ်ပြုသည့်အပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာ များကိုလည်း ကိုးကွယ်ရာ ဘာသာအဖြစ် အသိအမှတ်ပြုထားပါကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် ဘာသာပေါင်းစုံတို့၏ ဘာသာရေး ပွဲတော်များ၊ အထိမ်းအမှတ်နေ့များ၊ အခမ်းအနားများတွင် တက်ရောက်ခြင်းများ၊ သဝဏ်လွှာပေးပို့ခြင်း၊ အမှာစကားပြောကြားခြင်း ၊ ဂုဏ်ပြုစကားပြောကြားခြင်းနှင့် သွားရောက်လှူဒါန်းခြင်းများ ပြုလုပ်သည့်အခါတွင် ပြောကြားသည့် စကားရှိပါကြောင်း၊ “လူသားတိုင်း နိုင်ငံသူ/နိုင်ငံသားတိုင်း၏ ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ မေတ္တာတရားများကို ဘာသာတရားတိုင်းက အလေးထား ဆုံးမ ကြသကဲ့သို့ ဘာသာရေး ခေါင်းဆောင်များ ကလည်း ဆောင်ရွက်ပေးကြရန်”မှာကြားပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ယခုကဲ့သို့ ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင် ၁၆ ဦးကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ၊ ဟိန္ဒူဘာသာ  ဘာသာရေးခေါင်းဆောင်များ၊ အသင်းအဖွဲ့ခေါင်းဆောင် ၁၆ ဦးကိုချီးမြှင့်ခဲ့ပါကြောင်း၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေး၊ နိုင်ငံသူ/နိုင်ငံသားအားလုံး စည်းလုံးညီညွတ်အေးချမ်းရေးကို ဆက်လက်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားသည်။ အလားတူ နယ်ပယ်အသီးသီးတွင် တိုင်းကျိုး ပြည်ပြု တာဝန်ထမ်းဆောင်ခဲ့သည့်သူများကိုလည်း ပေးအပ်ခဲ့ပါကြောင်း၊ မည်ကဲ့သို့ ဝေဖန်ချက်များရှိသည်ဖြစ်စေ အစိုးရတစ်ရပ်အနေဖြင့် လုပ်သင့်လုပ်ထိုက်သင့်သည်များ၊ ချီးမြှင့်ထိုက်သူများ၊ အသိမှတ်ပြုသင့်ပြုထိုက်သည်များကို အစဉ်အလာတစ်ရပ်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အစိုးရအဆက်ဆက်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်ရန် အရည်အချင်း ကိုက်ညီသော်လည်း မချီးမြှင့်ဘဲ ကျန်ရစ်ခဲ့သူများကို ဆက်လက်စိစစ် ရွေးချယ်လျက် ရှိကြောင်း သတင်းကောင်း ပါးလိုပါကြောင်း ပြောကြားသည်။

 ဆက်လက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများကို လက်ရှိ ကျခံနေရဆဲ ပြစ်ဒဏ်များမှ ဖြေလျှော့သက်ညှာစွာ ဆောင်ရွက်ပေးမှုကိစ္စရပ်များ အကြောင်းကို ပြောလိုပါကြောင်း၊    မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်နေသည့်   အခြေအနေများသည် ရွေးကောက်ပွဲ မဲမသမာမှုက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်မှန်သည့် ပါတီစုံဒီမိုကရေစီ စနစ်ရှင်သန်ရန်အတွက် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲသည် အသက်တမျှ အရေးကြီးပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲသည် ယင်းအချက်အလက်များ အပေါ်က သွေဖည်သွားပြီး မဲမသမာမှုကြောင့် တိုင်းပြည်၏ဒီမိုကရေစီ ခရီးလမ်း နှောင့်နှေးကြန့်ကြာမှုရှိခဲ့ပြီး  နိုင်ငံတကာတွင် ပုံရိပ်ကျဆင်းခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ကျင့်သုံးနေသည့် နိုင်ငံဖြစ်ကြောင်း၊   နိုင်ငံအုပ်ချုပ်သူများ ဆောင်ရွက်မှုတိုင်းသည်  ယင်းဥပဒေနှင့် ညီညွတ်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မတရားမှု၊ မသမာမှုများအတွက် အမှန်ကို တည့်မတ်ပေးရန်၊     တရားမျှတသည့် ရွေးကောက်ပွဲကို   ပြန်လည် ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီပေါ်ထွန်းလာခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရွက်သည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုဖြစ်စဉ်အပေါ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အတွင်း နိုင်ငံတစ်ဝန်း ဆန္ဒပြထုတ်ဖော်မှုများ မရှိခဲ့ပါကြောင်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်၊ စည်ပင်သာယာ ရိပ်သာတွင်ရှိနေသည့်     စောင့်ကြည့်ခံ လွှတ်တော် အမတ်များကို လက်ရှိနိုင်ငံရေး ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ ဖြေရှင်းနိုင်စေရန် ရှင်းလင်း ပြောကြားပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ နေရပ် ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း၊   အစိုးရကပဲ ပို့ဆောင်ခဲ့ပါကြောင်း၊ ထိုအချိန်တွင် NLD ၏ CEC အဖွဲ့ဝင်တစ်ဦးက အကြမ်းဖက်မှုများ ဖြစ်ပေါ်လာရန်အတွက်    စာတစ်စောင်ထုတ်ပြီး လှုံ့ဆော်ခဲ့ခြင်းကို မီဒီယာများ အားလုံးလည်း သိခဲ့ပြီးဖြစ်မည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန္တလေးမြို့ဆေးတက္ကသိုလ်ရှေ့ ဆန္ဒပြသူ ၂၀ ဦးခန့်က စတင်၍ CDMလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းမှအကြမ်းဖက် လုပ်ဆောင်မှုများ ယနေ့ထိ အဆင့်ဆင့် ကူးပြောင်းခဲ့ခြင်းဖြစ်ပါကြောင်း၊

အစိုးရက  နိုင်ငံ့တာဝန် လွှဲပြောင်းရယူပြီးနောက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် အစဉ်အမြဲ ရှေးရှုဆောင်ရွက်လျက် ရှိသကဲ့သို့ နိုင်ငံသူ/နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အစိုးရကိုဆန့်ကျင်ပြီး ဆူပူဆန္ဒပြမှုဖြစ်စဉ်များ၊ နိုင်ငံတော်အား ဆန့်ကျင်လှုံ့ဆော်မှုများတွင် ပါဝင်ခဲ့မှုကြောင့် အရေးယူ ခံထားရသူများ၊ ပြစ်မှုမကျူးလွန်ဘဲစိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများအပေါ်တွင်    အတတ်နိုင်ဆုံး အထူးသက်ညှာစွာ ဖြေလျော့ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားသည်။

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့တွင် ပြည်ထောင်စုဝန်ကြီးဟောင်း ၁ ဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ၁ ဦး၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၁ ဦး၊  အနုပညာရှင် ၁၃ ဦးနှင့် နိုင်ငံခြားသား ၄ ဦးအပါအဝင် အကျဉ်းသား  ၅၇၇၄ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါကြောင်း၊ မိမိတို့အစိုးရ အနေဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း စိန်ရတုပြည်ထောင်စုနေ့တွင် နိုင်ငံခြားသား ၅၅ ဦး၊ နိုင်ငံသား   ၂၃၃၁၄ ဦး၊ စုစုပေါင်း ၂၃၃၆၉ ဦး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စုစုပေါင်း  ၂၃၁၈၄ ဦး    ပြစ်ဒဏ်ဖြေလျော့ လွတ်ငြိမ်းချမ်းသာခွင့်  ပေးခဲ့ပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့သည့် အကြိမ်အရေပေါင်း ၇ ကြိမ်ရှိပါကြောင်း၊ နိုင်ငံခြားသား ၂၃၉ ဦး၊ နိုင်ငံသား ၅၉၃၉၀ ဦး   စုစုပေါင်း ၅၉၆၂၉ ဦး    ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ တည်ဆဲဥပဒေကို ကျူးလွန်မှုကြောင့် တရားစွဲဆိုခံနေရသူများကိုလည်း ဖြေလျော့ပေးခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ ပိတ်သိမ်းပေးခြင်း၊ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။

ထို့အတူ     ၂၀၂၀ ပြည့်နှစ်  ပါတီစုံ ရွေးကောက်ပွဲ   မဲမသမာမှုဖြစ်စဉ်ကြောင့် ပြစ်ဒဏ်အသီးသီးချမှတ်ခြင်း ခံထားရသူများအနက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်ဟောင်းဖြစ်သည့် ဦးမြင့်နိုင်တို့ကို ၂၅-၁၀-၂၀၂၂ ရက်နေ့၊ ကော်မရှင်အဖွဲ့ဝင်ဟောင်း ဖြစ်တဲ့ ဦးသန်းဌေးကို ၁၇-၁၁-၂၀၂၂ ရက်နေ့တွင် လည်းကောင်း ဆက်လက်ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်အား လျော့ပေါ့လွတ်လပ်ခွင့်ပေးခဲ့ပါကြောင်း၊  ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့ဝင်ဟောင်းများသည် ၎င်းတို့ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်ပြီး သမ္မတဟောင်း ဦးဝင်းမြင့်အနေဖြင့်  ၎င်း၏နိုင်ငံရေးအရ ရထားသည့် အခွင့်အာဏာထက်ကျော်လွန်ကာ    ကော်မရှင်၏ လုပ်ဆောင်ချက်အပေါ် လွှမ်းမိုးခဲ့ကြောင်းကို   ၎င်းတို့၏ ထုတ်ဖော်ပြောဆိုချက်များအား သတင်းစာ ရှင်းလင်းပွဲတွင်  ပြသခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော   စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်နေချိန်တွင် ပြစ်ဒဏ်ကျ အကျဉ်းသား၊ အကျဉ်းသူများလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်အတွက် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊   နိုင်ငံတော်၏ထားရှိသော ရည်ရွယ်ချက်များကိုသိရှိပြီး နိုင်ငံတော် တည်ဆောက်ရေး၊တိုင်းပြည်စည်းလုံးညီညွတ်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး   အာဆီယံအဖွဲ့ကြီးနှင့် ဆက်စပ်ကိစ္စများပြောမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံက  ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့ ပါကြောင်း၊ ၎င်းကာလသည်  မြန်မာနိုင်ငံ၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့အစိုးရ တာဝန်ယူထားသည့်အချိန်ဖြစ်ပါကြောင်း၊    အဆိုပါအာဆီယံအဖွဲ့သို့ ဝင်ရောက်နိုင်ရန် အတွက် ထိုအချိန်မှ စတင်ကြိုးပမ်းခဲ့ခြင်း မဟုတ်ကြောင်း၊ ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ပထမအကြိမ် ကျင်းပခဲ့သည့် အာဆီယံကျွန်းဆွယ် အားကစားပြိုင်ပွဲသို့ မိမိတို့မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ထိုကျွန်းဆွယ် အားကစားပြိုင်ပွဲသို့   သွားရောက်ယှဉ်ပြိုင်စဉ်ကတည်းကပင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့သို့ဝင်ရောက်ရန် အစပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

အာဆီယံအဖွဲ့သည် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း နိုင်ငံရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဖွဲ့ကြီးဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းနှင့် အခြားသော အာရှနိုင်ငံများ၏   စီးပွားရေး၊ နိုင်ငံရေး၊ လုံခြုံရေး၊ ပညာရေးနှင့် လူမှုယဉ်ကျေးမှုများ ပေါင်းစည်းရေးကို မြှင့်တင်ပေးနိုင်ရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊  အာဆီယံအသင်းဝင်ဟု ဆိုရာတွင် နိုင်ငံကို လက်ခံခြင်းသာဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်ကို အာဆီယံနိုင်ငံတိုင်းမှ   ခေါင်းဆောင်များအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ယနေ့အချိန်တွင် အာရှ-ပစိဖိတ်မဟာဗျူဟာနှင့် အာဆီယံက ချိတ်တွဲလာသည့် နိုင်ငံကြီးအချို့၏ ပယောဂသည် အာဆီယံနိုင်ငံ အချို့အပေါ်  သက်ရောက်မှု ရှိလာသည်ကိုတွေ့ရပါကြောင်း၊  ယနေ့အချိန်တွင်  အာဆီယံနိုင်ငံအချို့၏ လုပ်ဆောင်ချက်များသည်   အာဆီယံ၏ အခြေခံမူများနှင့် ပဋိညာဉ်များကို လျစ်လျူရှုနေပြီး အာဆီယံအဖွဲ့ကြီးအပေါ်  သက်ရောက်မှုများ ရှိလာသည်ကိုတွေ့မြင်ကြောင်း ပြောကြားသည်။

မိမိတို့အစိုးရအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ခွင့်ပြုချက်ဖြင့်သာ    ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဒီမိုကရေစီ ထိန်းကျောင်းခြင်း လုပ်ငန်းစဉ် တစ်ရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့အစိုးရသည် ဒီမိုကရေစီလမ်းကြောင်း ပေါ်မှ သွေဖည်သွားမည်မဟုတ်ဘဲ   ဒီမိုကရေစီလမ်းကြောင်း မှန်ပေါ်သို့ ဆက်လက် လျှောက်လှမ်းနိုင်ရေး အတွက်  တည့်မတ်ပေးခြင်းသာ ဖြစ်ပါကြောင်း၊ အချို့သော အာဆီယံနိုင်ငံအချို့က မိမိတို့အစိုးရအပေါ် အာဆီယံမူဘောင်များနှင့်  ကင်းလွတ်၍ ဆက်ဆံလာကြသည်ကို တွေ့ရပါကြောင်း၊  နိုင်ငံတစ်နိုင်ငံချင်းစီ၏ သီးခြားလွတ်လပ် သော ဆက်ဆံရေးများကို ပြောရန်မရှိသော်လည်း ထိုနိုင်ငံများက အာဆီယံအဖွဲ့ကြီးကို အသုံးပြု၍  မြန်မာနိုင်ငံအပေါ် မတော်မတရား ဖိအားပေးမှုများ ပြုလုပ်လာသည်ကို တွေ့ရပါကြောင်း ပြောကြားသည်။

အာဆီယံ၏ပဋိညာဉ်သည် အာဆီယံ၏ အသက်၊ နှလုံးသားဖြစ်ပါကြောင်း၊  ထိုပဋိညာဉ်တွင် ပါဝင်သည့် အာဆီယံ၏ အခြေခံမူများမှ သွေဖည်လာခြင်းသည် အာဆီယံ၏ အနာဂတ်အတွက်    စိတ်ပူစရာဖြစ်ပြီး အာဆီယံ၏    ယုံကြည်မှု တန်ဖိုးကိုလည်း ကျဆင်းစေပါကြောင်း၊  မိမိတို့အစိုးရလက်ထက်တွင်   အာဆီယံနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသည် တာဝန်သိ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်   အပြုသဘော ဆောင်သည့်    ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ အနေဖြင့်  နိုင်ငံတော် တာဝန်ကိုရယူပြီး ၂ လအကြာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် အာဆီယံခေါင်းဆောင်များ အစည်းအဝေးကို   အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အစည်းအဝေးအပြီးတွင် တူညီဆန္ဒ(၅)ချက်ကို ချမှတ်ခဲ့ပါကြောင်း၊  ယင်းတူညီဆန္ဒ(၅)ချက်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများထံသို့ ကြိုတင်အသိပေး ညှိနှိုင်းခဲ့ခြင်း မဟုတ်ဘဲ အစည်းအဝေးအပြီးမှသာ     ဥက္ကဋ္ဌ၏ ကြေညာချက် နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊     အာဆီယံ ခေါင်းဆောင်များ    အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် မြန်မာနိုင်ငံ၏ ထိုအချိန်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများ၊  မဲမသမာမှုလုပ်ခဲ့သည့် အထောက်အထားများကို အာဆီယံ ခေါင်းဆောင်များနှင့်တွေ့ဆုံ၍ အသေးစိတ်ရှင်းပြခဲ့ကြောင်း၊  အာဆီယံခေါင်းဆောင်များ၏ ဆွေးနွေးချက်များအပေါ် အချက်(၃)ချက်ကို    အလေးထား၍ ပြောကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထိုအချက် (၃)ချက်အတိုင်း တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ဆောင်ရေးအတွက် ဆက်လက် ရပ်တည်ဆောင်ရွက်လျက် ရှိပါကြောင်း၊  ထိုအချက်(၃)ချက်မှာ မိမိတို့နိုင်ငံသားတိုင်း သိရှိထားသင့်သည့် အချက်များဖြစ်ကြောင်း၊ အဆိုပါအချက်များမှာ မြန်မာနိုင်ငံရေးကိစ္စနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အကြံပြုချက်အချို့သည်     အပြုသဘောဆောင်သည်ကို    မှတ်သားမိပါကြောင်း၊ အဆိုပါအကြံပြုချက်များကို နိုင်ငံ၏ပြည်တွင်းရေး အခြေအနေပေါ်မူတည်၍ ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ တရားဥပဒေ စိုးမိုးရေးနှင့်  ရပ်ရွာအေးချမ်း တည်ငြိမ်မှုရှိရေးအတွက် ဦးစားပေးဆောင်ရွက်နေရသည့် အတွက် နိုင်ငံ၏ အကျိုးစီးပွားကို အခြေခံလျက် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ၏ အကြံပြုချက်များကို    အလေးထား စဉ်းစားပေးမည်ဖြစ်ကြောင်း၊   သို့ဖြစ်ရာ အကြံပြုချက်များသည် အစိုးရက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးရှိစေခြင်း၊ ASEAN Charter, ASEAN Wayနှင့်  ASEAN Spirit တို့အပေါ်    အခြေခံမည်ဆိုပါက အပြုသဘော စဉ်းစားပေးမည်ဟုဆိုသည့် အချက်များဖြစ်ကြောင်း၊ အဆိုပါအချက်(၃)ချက်ကို   ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှု ကိစ္စရပ်တစ်ခုမှာ AHA စင်တာမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊  လူသားချင်း စာနာမှုအကူအညီများကို လိုအပ်နေသူများထံသို့ မျှတမှုရှိပြီး ခွဲခြားဆက်ဆံမှုမရှိဘဲ   ပေးပို့ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

ထို့အတူ (၅၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့်  ဆက်စပ်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့မှ  ၆ ရက်နေ့အထိ ဗီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို  ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထိုအစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး၊  မစ္စတာ ဒါတိုအီရဝမ်အား ခန့်အပ်ရေးကို အတည်ပြုနိုင်ခဲ့ကြောင်း၊  အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းအပေါ်တွင် အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ(၅)ချက်နှင့်အညီ အပြုသဘောဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည်  အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး၏ တူညီဆန္ဒ(၅)ချက်နှင့်အညီ ၎င်းင်း၏တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် အဆိုပါ အထူးကိုယ်စား လှယ်ကိုလက်ခံရာတွင် ပြောကြားခဲ့သည့် အချက်တချို့ရှိကြောင်း၊ ထိုအချက်များမှာ သဘောတူညီချက်(၅)ချက်ဖြင့်   မည်သို့သော အဆိုပြုချက်အသစ်   (သို့မဟုတ်)ခြွင်းချက်အသစ်ကိုမျှ လက်ခံမည်မဟုတ်ဟု ကြေညာခဲ့ပါကြောင်း၊  အထူးကိုယ်စားလှယ်သည် ၎င်း၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင်  နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ၊ သာတူညီမျှရှိမှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်လက္ခဏာကို လေးစားရန်၊ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ ပြည်ပ ဝင်ရောက်စွက်ဖက်မှု၊ သိမ်းသွင်းမှု၊ အကျပ်ကိုင်မှု မပြုလုပ်ရန်၊ မိမိနိုင်ငံ၏ ကံကြမ္မာကို မိမိဘာသာ ဖန်တီးနိုင်မှု အခွင့်အရေးကိုလေးစားရန် စသည့်အချက်များဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်  အရေးပေါ်အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (EAMM)သို့ မိမိတို့နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးက  အခြားအာဆီယံနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါကြောင်း ပြောကြားသည်။

ထိုအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိရန်အတွက် အချိန်ပေးသင့်ကြောင်း၊ “အာဆီယံထိပ်သီးအစည်းအဝေးများနှင့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးအရကိုယ်စားမပြုသည့် ကိုယ်စားလှယ်ကိုသာဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများအားလုံး၏ တူညီဆန္ဒမရရှိဘဲ ဆုံးဖြတ်ခဲ့ပါကြောင်း၊”၊ ပြည်ထောင်စုဝန်ကြီးက တူညီဆန္ဒမရှိဘဲ ဆောင်ရွက်ခဲ့မှုအပေါ် မြန်မာနိုင်ငံမှ သဘောမတူကြောင်းနှင့် ယင်းကန့်ကွက်ချက်ကို မှတ်တမ်းတင်ပေးပါရန်နှင့် ဘရူနိုင်းနိုင်ငံမှ ထုတ်ပြန်မည့် ထုတ်ပြန်ချက်များတွင်လည်း    မြန်မာနိုင်ငံ၏ သဘောထားကို ထင်ဟပ်ဖော်ပြပေးရန် ထပ်မံပြောကြားခဲ့ပါကြောင်း ပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ လက်ထက်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မစ္စတာပရပ်ဆုတ်ခွန်းသည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ မစ္စတာပရပ်ဆုတ်ခွန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် အလုပ်သဘောခရီးစဉ် လာရောက်ခဲ့သည်ကို တွေ့နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင်   NUG, PDFအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် လုပ်ဆောင်မှုများ နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ကြီးထံသို့ မြန်မာနိုင်ငံဘက်မှ အမြဲတစေသတင်းပေးပို့ခြင်း၊ ထောက်ပြပြောဆို၍ ကန့်ကွက်ပေးရန်နှင့် ရှုတ်ချပေးရန် ပြောဆိုခဲ့ပါကြောင်း၊ သို့သော် လျစ်လျူရှုမှုများ ရှိခဲ့ပါကြောင်း၊  အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG, CRPH ၊ PDFအဖွဲ့အစည်းများသည် အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့၏ လူမဆန်သည့်လုပ်ရပ်များကြောင့်   အပြစ်မဲ့ပြည်သူများ   သေကျေပျက်စီးခဲ့ရသည်ကို ကမ္ဘာကသိရှိစေရန် အာဆီယံ အစည်းအဝေးများတွင်  လည်းကောင်း၊ ရန်ကုန်မြို့တွင်ရှိသည့် အာဆီယံသံရုံးများထံသို့ လည်းကောင်း၊ ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး ကောင်စစ်ဝန်ချုပ်ရုံးများမှ တစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများထံသို့ လည်းကောင်း သတင်းအချက်အလက် အမှန်များနှင့် မှတ်တမ်းများအား ပေးပို့လျက်ရှိပါကြောင်း၊  အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့၏  NUG/CRPH၊ PDFအဖွဲ့အစည်းများနှင့် ဆက်သွယ်ရန်တောင်းဆိုမှုများ၊ ဆက်သွယ်မှုများသည် အာဆီယံပဋိညာဉ် စာတမ်းပါစာပိုဒ်(၂) နှင့် ဆန့်ကျင်နေသည့်အတွက် မြန်မာနိုင်ငံက ပြတ်သားစွာကန့်ကွက်ကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုသည် အကြမ်းဖက်လုပ်ရပ်များကို အားပေးရာရောက်သဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လိုလားသည့်မည်သူမဆို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန် တိုက်တွန်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့ပြင် အစိုးရအနေနှင့် EAOs အဖွဲ့များ၊  နိုင်ငံရေးပါတီများနှင့်တွေ့ဆုံနေ သည်ကို လျစ်လျူရှုပြီး ၎င်းတို့ဖြစ်စေလိုသည့် တွေ့ဆုံမှုများအတွက် တစ်ဖက်သတ် တောင်းဆိုနေမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်သည့် EAOs များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုများ ဆောင်ရွက်လျက်ရှိရာတွင် တိုးတက်မှုများ ရှိနေသည်ကိုလည်း  အာဆီယံနိုင်ငံများအနေနှင့် လျစ်လျူရှုထားကြောင်း၊ တစ်စုံတစ်ယောက်သော လူပုဂ္ဂိုလ်၊ တစ်ဖွဲ့ သောပါတီနှင့်သာ အာဆီယံ အထူးကိုယ်စားလှယ်ကို တွေ့ဆုံခွင့်ပေးရေး တစိုက် မတ်မတ်တောင်းဆိုနေသည့် နိုင်ငံများလည်း ရှိကြောင်း၊ ယင်းတောင်းဆိုချက်များ မရရှိခြင်းကိုအခြေခံပြီး  တူညီဆန္ဒ အကောင်အထည်ဖော်ခြင်း တိုးတက်မှုမရှိဟု ဆိုပြီး မြန်မာနိုင်ငံအပေါ် ပြစ်တင်ဝေဖန်ခြင်းသည် အပြုသဘောမဆောင်ကြောင်းကိုလည်း ထပ်မံအသိပေးလိုကြောင်း၊ အကြိမ်(၄၀)မြောက်နှင့် (၄၁)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးများကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ တက်ရောက်ရမည်ဟု   ပြောကြားထားသည့်အတွက် တန်းတူညီတူ ဆက်ဆံခြင်းမဟုတ်သည့် ခွဲခြားဆက်ဆံသည့် လုပ်ရပ်ဖြစ်သည့် အတွက် မြန်မာနိုင်ငံအနေနှင့် ထိုအစည်းအဝေးပွဲများတွင် မြန်မာကိုယ်စားလှယ် တက်ရောက်ခဲ့ခြင်း မရှိကြောင်း၊ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်များတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ဖော်ပြချက်များသည် ဖြစ်စဉ် အမှန်တရားနှင့် ကင်းကွာလျက်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အပြုသဘော ဆောင်ဖော်ပြခဲ့ခြင်းလည်း မရှိကြောင်း၊ ပဋိညာဉ်နှင့်လည်း မကိုက်ညီခြင်းကြောင့် ထိုကိစ္စများကို မိမိတို့အနေနှင့်လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အနေနှင့် ပြတ်သားစွာ ပယ်ချခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးကို အစဉ်အမြဲ တည်ဆောက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏  နိုင်ငံခြားရေး အခြေခံမူများနှင့် အာဆီယံ၏ လက်ရှိအခြေခံမူများသည် သဟဇာတဖြစ်ပါကြောင်း၊ သို့သော် ထိုအခြေခံမူများမှာ အာဆီယံမှ တချို့နိုင်ငံများက သွေဖည်သွားအောင် လုပ်ဆောင်နေမှုများသည် မြန်မာနိုင်ငံအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါကြောင်း၊ အာဆီယံမယိမ်းယိုင်ရေး၊ မပြိုကွဲရေးနှင့် စည်းလုံးညီညွတ်စွာ ထာဝရတည်ရှိရေး စသည်တို့သည် မိမိတို့နိုင်ငံမှမြင်လိုသည့် အာဆီယံ၏ အနာဂတ်ဖြစ်ပါကြောင်း၊ အာဆီယံသည် မည်သည့်နိုင်ငံကြီးများ၏ အသုံးချခံအဖွဲ့တစ်ဖွဲ့အဖြစ်ကိုမျှ ရောက်မသွားရေးသည် ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်များ အတွက် ဆင်ခြင်စရာ ဖြစ်သကဲ့သို့ အာဆီယံအဖွဲ့ဝင် နိုင်ငံတိုင်းမှာလည်း တာဝန်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေနှင့် ကျင့်သုံးမည့် နိုင်ငံခြားရေးမူဝါဒသည် လွတ်လပ်ပြီးတက်ကြွသည့် နိုင်ငံခြားရေးမူဝါဒ၊ ဘက်မလိုက် မူကြီးငါးရပ်အတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့်အခါ အခြေခံအချက်အလက် နှစ်ခုအပေါ်တွင်သာ အခြေခံသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နံပါတ်တစ်သည် အမျိုးသား အကျိုးစီးပွားဖြစ်ကြောင်း၊ နံပါတ်နှစ်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမျှ ထိုအချက်နှစ်ချက်ကို အထိအခိုက်ခံသည့် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုမရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေနှင့်လည်း နိုင်ငံခြားရေးမူဝါဒကို ဆောင်ရွက်သည့်အခါ   နိုင်ငံတော်၏ အမျိုးသားစီးပွား၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်လွတ်လပ်မှုကို အထိအပါးခံမှာမဟုတ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စကို ပြောမည်ဖြစ်ပါကြောင်း၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်ကတည်းက ပါလီမန်ဒီမိုကရေစီအစိုးရ အာဏာရရှိချိန်မှာ စီမံကိန်း စီးပွားရေးစနစ်နှင့်  ဈေးကွက်စီးပွားရေး စနစ်ကို  ပေါင်းစပ်ရောပြွန်းထားသည့် စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့ပါကြောင်း၊ လွတ်လပ်ပြီးစ  မြန်မာနိုင်ငံအနေနှင့် ပါလီမန်ဒီမိုကရေစီ အစိုးရမှတ်တမ်းများအရ ဗြိတိသျှအစိုးရနှင့် အိန္ဒိယနိုင်ငံများမှာ အကြွေးကျပ်သန်း  ၁၀၈၀ ကျော်တင်ရှိခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဦးနုလက်ထက်တွင် ပြည်တော်သာစီမံကိန်း အကောင်အထည်ဖော်ခဲ့သော်လည်း  မအောင်မြင်သည့်အတွက် စီမံကိန်းချေးငွေပေါင်း  သန်း ၃၈၀  နှင့်အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေပေါင်း ဒေါ်လာ ၂၃၅  သန်း အကြွေးတင်ခဲ့ကြောင်း၊  ၁၉၈၈ ခုနှစ်မတိုင်မီကစ၍ အစိုးရအဆက်ဆက် ချေးယူခဲ့သည့် ကြွေးမြီအနေဖြင့် ဆပ်ရန်ကျန်ငွေ ၄.၂၉ ဘီလီယံဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆပ်ရန်ကျန်ငွေ ၂.၀၂ ဘီလီယံဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအထိ ဆပ်ရန်ကျန်ငွေပေါင်း ၃.၇၈ ဘီလီယံဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအထိ ဆပ်ရန်ကျန်ငွေပေါင်း ၁.၂၅ ဘီလီယံဖြစ်ကြောင်း၊ သမ္မတကြီး ဦးသိန်းစိန်လက်ထက် ၂၀၁၁ - ၂၀၁၂ ပြက္ခဒိန်နှစ်မှာ ပြည်ပကြွေးမြီအမေရိကန်ဒေါ်လာ ၇.၉၁ ဘီလီယံ၊ ၂၀၁၅-၂၀၁၆  ပြက္ခဒိန်နှစ်မှာ ပြည်ပကြွေးမြီ ၉.၅၃ ဘီလီယံ ရှိခဲ့ပါကြောင်း၊ NLD အစိုးရလက်ထက် ၂၀၁၆-၂၀၁၇  ပြက္ခဒိန်နှစ်မှာ အမေရိကန် ဒေါ်လာ ၉.၁၄ ဘီလီယံ ကြွေးမြီရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ကာလမှာ အမေရိကန်ဒေါ်လာ ၁၂.၀၈ ဘီလီယံ ဖြစ်ကြောင်း၊  မိမိတို့အစိုးရလက်ထက် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁၁.၄၂ ဘီလီယံနှင့် ၂၀၂၂ ခုနှစ်၊  ဇွန်လကုန်အထိ ပြည်ပကြွေးမြီအမေရိကန်ဒေါ်လာ ၁၀.၆၈ ဘီလီယံ ရှိပါကြောင်း၊  မိမိတို့အစိုးရအနေဖြင့် ဒီမိုကရေစီပထမအစိုးရကာလ လက်ထက်ကတည်းက နှစ်စဉ်ယခုအထိ ပြည်ပကြွေးမြီများကို တာဝန်သိစွာဖြင့် အရင်းနဲ့အတိုး ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ လက်ရှိ တာဝန်ဆောင်ရွက်နေသည့် မိမိတို့အစိုးရ လက်ထက်မှာ နိုင်ငံခြားချေးငွေ ပြန်လည် ပေးဆပ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်ဝင်ငွေမှ အမေရိကန်ဒေါ်လာ ၁.၄၉၅ ဘီလီယံ ပြန်လည်ပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု မိမိတို့အစိုးရလက်ထက်တွင် ထပ်မံချေးယူခြင်း မရှိဘဲ မည်မျှပြန်လည် ပေးဆပ်ခဲ့သည်ဆိုသည်ကို ထင်ရှားစွာတွေ့ရမည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေးတည်ဆောက်ရာမှာ လိုအပ်သည့် ငွေကြေးအရင်းအနှီးကို  နိုင်ငံအတွင်းမှ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု စသည့်အရင်းအမြစ်များမှ ရရှိသည့်အပြင် အခြားအရင်းအမြစ် တစ်ရပ်ဖြစ်သည့် ပြည်ပအကူအညီ အထောက်အပံ့များမှလည်း ရရှိနိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီအထောက်အပံ့များသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် အရေးကြီးသည့် အခန်းကဏ္ဍက ပါဝင်ပါကြောင်း၊ နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ ချေးငွေ၊ ဖွံ့ဖြိုးရေးဆိုင်ရာချေးငွေများကို ယခင်အစိုးရအဆက်ဆက် ရယူဆောင်ရွက်ခဲ့ခြင်းများ ရှိကြောင်း၊ လက်ရှိအခြေ အနေမှာ မိမိတို့အစိုးရအနေဖြင့် ပြည်ပချေးငွေ နှင့် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက် ရှိကြောင်းပြောကြားသည်။

ဆက်လက်၍ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ပြောလိုပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၉.၁၃ ဘီလီယံ၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၉.၀၃ ဘီလီယံ ကုန်သွယ်မှုပိုငွေ ၁၀၀.၅၄ သန်း ရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ပေါင်း ၁၂.၀၉ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ စုစုပေါင်း ၅.၂၅ ဘီလီယံရှိခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင်  ကုန်သွယ်မှုလိုငွေပေါင်း ၁၂.၅၁ ဘီလီယံအထိ ရှိခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ ဝ.၆၇ ဘီလီယံရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ(ယာယီ) ပို့ကုန်ကုန်သွယ်မှု ပိုငွေ ဝ.၀၆၅ ဘီလီယံရှိခဲ့ပြီး မိမိတို့အစိုးရ လက်ထက်တွင် စုစုပေါင်း ကုန်သွယ်မှုပိုငွေ ၁.၀၈ ဘီလီယံ ရှိခဲ့ပါကြောင်း၊ ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှု ပိုငွေဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားသည်။ 

မြန်မာနိုင်ငံ၏    အဓိကလယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ဖွဲ၊ ပဲမျိုးစုံ စသည်ဖြင့် ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်ပို့မှုများ အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ဆန်တန်ချိန် ၇ သိန်း ၅ သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ဆန်တန်ချိန် ၉ သိန်း ၄ သောင်းကျော်၊ ၂၀၂၁ ခုနှစ်တွင် ဆန်တန်ချိန် ၁ သန်း ၁ သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အနေနှင့် ၂၀၁၆ ခုနှစ်ထက် ၂၀၂၁ ခုနှစ်တွင် တန် ၁ သိန်း ၅ သောင်းကျော်၊ ၂၀၁၁ ခုနှစ်ထက် တန် ၃ သိန်း ၁ သောင်း ကျော်ပိုမိုတင်ပို့နိုင်ခဲ့သည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ အလားတူ ဆန်နှင့်ဆက်စပ်နေသည့်ဆန်ကွဲနှင့် အခြားသောဆက်စပ် ပစ္စည်းများကိုလည်း ပိုမိုတိုးတက် တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ၂၀၁၁ ခုနှစ်တွင် ပဲမျိုးစုံ တန်ချိန် တန် ၁ သိန်း ၃ သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် ၁ သန်း ၃ သိန်းကျော်၊ ၂၀၂၁ ခုနှစ်တွင် ပဲမျိုးစုံတန်ချိန် တန် ၁ သန်း ၉ သိန်းကျော်၊  ၂၀၂၂  ခုနှစ် အောက်တိုဘာလအထိ(ယာယီ) ပဲမျိုးစုံတန်ချိန် တန် ၁ သန်း   ၆  သိန်းကျော် တင်ပို့ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်ဟာ ၂၀၁၆ ခုနှစ်ထက် ပဲမျိုးစုံတန်ချိန် တန် ၅ သိန်း ၉ သောင်းကျော်၊ ၂၀၁၁ ခုနှစ်ထက် ပဲမျိုးစုံတန်ချိန် တန် ၁ သန်း ၈ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊  အစိုးရအနေနှင့် စီးပွားရေးဦးတည်ချက် ၃ ရပ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အခက်အခဲ အတားအဆီးများကြားက နိုင်ငံတော်၏ စီးပွားရေးပြန်လည်တိုးတက်လာစေရေး   တတ်စွမ်းသရွေ့ကြိုးစားလျက်ရှိသည်ကို အသိပေးလိုကြောင်း ပြောကြားသည်။