နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ - ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့၏(၂၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ - ၃

    ဆက်လက်ပြီး ပညာရေးဆိုင်ရာ ကိစ္စများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဆိုင်ရာကိစ္စရပ်များကို ပြောမည်ဖြစ်ကြောင်း၊ နေပြည်တော်ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇  ရက်နေ့မှ  စတင်ဖွင့်လှစ်ခဲ့သည်မှာ နှစ်ပေါင်း ၁၆ နှစ်ကျော် ကာလရှိပြီဖြစ်ပါကြောင်း၊ မြို့တော်အင်္ဂါရပ်များနှင့် ကိုက်ညီရန်၊ မြို့တော်သန့်ရှင်းသာယာ သပ်ရပ်မှု ရှိရန်နှင့် စံပြမြို့တော်ဖြစ်စေရန် မြို့တော်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော်၏ ပညာရေးပိုင်း ဆိုင်ရာတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စသည့် တက္ကသိုလ်များအပြင် စိုက်ပျိုးရေးသိပ္ပံ၊  စက်မှုသိပ္ပံနှင့်  စက်မှုအထက်တန်းကျောင်းများလည်း ရှိပါကြောင်း၊ ထို့ပြင် နေပြည်တော်ကို ပညာရေးမြို့တော် ဖြစ်လာစေရန်ရည်ရွယ်ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစုများမှ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်ရှိ ဒေသခံပြည်သူများ၏ သားသမီးများအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်များ သင်ယူလေ့လာခွင့်ရရှိစေရန် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၌  Naypyitaw State Academy ကိုဖွင့်လှစ်ခဲ့ပါကြောင်း၊ ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွား ရေးပညာမဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ အားကစားပညာ မဟာဌာနနှင့် လူမှုရေး ပညာမဟာဌာနဆိုသည့် မဟာဌာနကြီး ၇ ခု ဖြင့် ဖွဲ့စည်းထားပါကြောင်း ပြောကြားသည်။

    ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊  သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် စီးပွားရေးပညာ မဟာဌာနဟူ၍ မဟာဌာန ၄ ခုကို စတင် ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၇ ခု၊ သိပ္ပံပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၃ ခု၊ ဥပဒေပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၁ ခုနှင့် စီးပွားရေးပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၄ ခု၊ စုစုပေါင်း ဘာသာရပ်ဌာန ၁၅ ခုကို စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပါကြောင်း၊ လာမည့်ပညာသင်နှစ်များတွင် ဆေးသိပ္ပံမဟာဌာန၊ အားကစားပညာ မဟာဌာနနှင့် လူမှုရေး ပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း မဟာဌာန ၇ ခုအထိရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့ပြင်   အရည်အချင်းပြည့်ဝသည့် အင်ဂျင်နီယာပညာရှင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊  ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်စေရန်နှင့် အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပညာရပ်များကို သင်ယူနိုင်မည့် အခွင့်အလမ်းများ တိုးချဲ့ပေးနိုင်ရေးတို့အတွက် နေပြည် တော် ကောင်စီနယ်မြေအတွင်း၌ အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးနိုင်မည့် နည်းပညာတက္ကသိုလ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် ကဏ္ဍအသီးသီးတွင် လိုအပ်လျက်ရှိသည့် အင်ဂျင်နီယာ ပညာရှင် လူငယ်များ မွေးထုတ်ပေးနိုင်ရန်  လုပ်ငန်းလိုအပ်ချက် အများဆုံးဖြစ်သည့် အင်ဂျင်နီယာ ဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်သည့် သုတနည်းပညာ ဘာသာရပ်နှင့်  ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်း ဘာသာရပ် ၆ ခုကို ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအား ပညာရေးမြို့တော် ဖြစ်လာစေရန်အတွက် လက်ရှိဖွင့်လှစ်ပို့ချ လျက်ရှိသည့်  အစိုးရမူလတန်းကျောင်း ၅၀၈ ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၁၂၀ ကျောင်း၊ အစိုးရ အထက်တန်းကျောင်း ၁၂၉ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်းကို ဖွင့်လှစ်ပို့ချပေးလျက် ရှိသည့်အပြင် မိမိတို့အစိုးရအနေဖြင့် ပုဂ္ဂလိက ကျောင်းများအပါအဝင်  လိုအပ်သည့် ကျောင်း၊ တက္ကသိုလ်များကိုလည်း ဆက်လက် ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်ဟု    ပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး Green City ၊ Clean City ၊ Smart City ဖြစ်အောင်ဆောင်ရွက် နေမှုပြောမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏ မြို့တော် ဖြစ်သည့်အတွက်  ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်၍ Green City , Clean City နှင့် Smart City ဖြစ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအတွက် အိမ်ရာများ (Housing and Home: Affordable Housing and Low Cost Housing)) တည်ဆောက်ပေးခြင်း လုပ်ငန်းများ  ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သောက်သုံးရေ ဖူလုံစွာရရှိရေး အတွက် နေပြည်တော်စည်ပင်သာယာရေး ကော်မတီပိုင် ရေပေးဝေရေးစနစ်မှ နေ့စဉ် ရေဂါလန် သန်း ၃၀ ခန့် တိုးချဲ့ရေပေးဝေနိုင်ရန် အတွက် ဆောင်ရွက်မည့် နေပြည်တော် တိုးချဲ့ရေပေးဝေရေး(ပေါင်းလောင်း) စီမံကိန်း (Phase-1) ကိုလည်း စတင်ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဟိုတယ်နှင့်ခရီးသွားလာခြင်း စီးပွားရေး လုပ်ငန်းအား မီးခိုးမထွက်သည့်စက်ရုံဟု တင်စားခေါ်ဝေါ်ကြပါကြောင်း၊  နိုင်ငံတကာ စီးပွားရေးကဏ္ဍတွင် နိုင်ငံ၏ အဓိကဝင်ငွေ များကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍမှ ရရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီကို   ဖွဲ့စည်းထားရှိပြီး   ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် မူလရှိပြီးသား ခရီးစဉ်နေရာဒေသများ အပြင်  စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အခြေခံသည့်ခရီးသွား လုပ်ငန်းများ၊ သဘာ၀ ကိုအခြေခံသည့်  ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်ကုန်နှင့်  ရိုးရာ ယဉ်ကျေးမှုကို အခြေခံသည့်ခရီးသွား လုပ်ငန်းများ၊ လူထု အခြေပြုခရီးသွား လုပ်ငန်းများကို ထပ်မံ ဖော်ဆောင်နိုင်ရန် အတွက်လည်း စီစဉ်ဆောင် ရွက်လျက်ရှိကြောင်းနှင့် ခရီးသွားရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နေပြည်တော်အတွင်း မီးခိုးမထွက်သော၊  ကာဗွန်မထွက်သော အကြီးစားစက်မှု လုပ်ငန်းများအနေဖြင့် CMP စနစ်ဖြင့် ဆောင်ရွက်နေသည့် အထည်ချုပ် လုပ်ငန်း ၃ ခု၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအေးခဲ ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း ၂ ခု၊ သစ်သီးဝလံ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း ၁ ခု၊ ဃဃြ စနစ်ဖြင့် ဆောင်ရွက်နေသည့် ကျောက်ဆစ်ရုပ်တု လုပ်ငန်း ၁ ခု စသည့် လုပ်ငန်းများရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီ နယ်မြေသည်   ရေမြေရာသီဥတု အထူးကောင်းမွန်သည့် အတွက် စိုက်ပျိုး၊  မွေးမြူရေး လုပ်ငန်းများ၊   မီးခိုးမထွက်သော စက်မှု လုပ်ငန်းများ၊ အထည်ချုပ်စက်ရုံ လုပ်ငန်းများနှင့်  တက္ကသိုလ်၊ အဆင့်မြင့်ပညာရေး ဆိုင်ရာ   ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်လာစေရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ အလိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဒေသသည် တည်နေရာအရ တရုတ်-မြန်မာစီးပွားရေး စင်္ကြံနှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး စင်္ကြံလမ်းမပေါ်တွင်  တည်ရှိခြင်းကြောင့် မဟာဗျူဟာကျပြီး ရေ၊ မြေ၊ ရာသီဥတု အခြေခံကောင်းမွန်ခြင်း၊ လျှပ်စစ်မီး၊ လမ်းတံတား၊ လေဆိပ်စသည့် အခြေခံအဆောက် အဦ ပြည့်စုံကောင်းမွန်ခြင်း စသည့် အားသာချက်များ ရှိနေကြောင်း ပြောကြားသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းပြီး  နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုနိုင်မည့် မီးခိုးမထွက်သည့် စက်မှုလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပ  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက် လာစေရေးအတွက် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှုပြုမည် ဆိုပါက လုပ်ငန်းစတင်သည့် အချိန်မှ ၅ နှစ်အထိ ဝင်ငွေခွန်ကင်းလွတ်ခွင့် လျှောက်ထား ခံစားနိုင်မည်ဖြစ်သည့်အပြင်  အခွန်ဆိုင်ရာ သက်သာခွင့်ပေး၍ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေး  ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းလုပ်ငန်းများ မှတစ်ဆင့် အလုပ်အကိုင် ဖန်တီးနိုင်ခွင့်ရှိစေရေး ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းပွဲတော် ကာလများအတွင်း ဖြစ်ပျက်ခဲ့သည့် အခြေအနေများ၊ အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး ပြောကြားလိုကြောင်း၊ မိမိတို့ နိုင်ငံသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ် ယုံကြည်ကြသည့်နိုင်ငံဖြစ်ကြောင်း၊ ထို့ပြင် မြန်မာတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာတရားအပေါ် ကိုးကွယ်ယုံကြည်မှု တို့နှင့် ယဉ်ကျေးမှုပွဲလမ်း သဘင်များကို ကျင်းပလေ့ရှိသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ အခြားဘာသာဝင်များ အနေဖြင့်လည်း  ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်နေ့များကို လွတ်လပ်စွာ ပြုလုပ်လျက်ရှိကြောင်း၊ ထိုကာလများတွင် ပြည်သူလူထု စိတ်ချမ်းမြေ့အောင်၊ ပျော်ပျော်ပါးပါး ပါဝင်နိုင်အောင် စီစဉ်ပေးရမည်မှာ မိမိတို့နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏  တာဝန်ဖြစ်ကြောင်း၊ တာဝန်ရှိသည့်အတွက် တာဝန်ယူပြီး  စီမံပေးပါကြောင်း၊  ယင်းကို  မည်သူတို့က ပျက်ပြားအောင် လိုက်နှောင့်ယှက်သည်၊ ခြိမ်းခြောက်မှုများ လုပ်ခဲ့သည်ကို ပြန်ဆန်းစစ်ရန်လိုမည်ဖြစ်ကြောင်း၊     ပြီးခဲ့သည့် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလက ပြည်သူလူထု အပန်းဖြေနိုင်သည့် နေရာများ၊ ဘာသာရေးဆိုင်ရာ နေရာများ၌ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စည်ကားမှုရှိခဲ့သည်ကို၊ ပြည်သူလူထုအနေဖြင့် စိတ်ချမ်း မြေ့မှု ရှိခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်  စိတ်မချမ်းမြေ့စရာများလည်း ရှိကြောင်း၊ ဘာသာတရားအရ ကိုးကွယ်မှုရှိသည့် နေရာများ၌ပင်  ခြိမ်းခြောက်မှုများ ရှိခဲ့ပါကြောင်း၊ မုံရွာမြို့ရှိ ကျောက္ကာရွှေဂူနီ ဘုရားရှေ့၌ လက်နက်ကိုင်ခြိမ်းခြောက်မှုကြောင့် ဘုရားဖူးမရှိခဲ့ခြင်းကလည်း ဓမ္မ နှင့်အဓမ္မကို သိသာစေသည့်အဖြေဖြစ်မည်ဟု  ပြောလိုပါကြောင်း၊  ဘုရားရှေ့၌ပင် လက်နက်ကိုင်ထားပြီး “ဒီနေ့ ဘုရားပိတ်တယ်”ဆိုသည့် စာတန်းမျိုးထိုးသည်အထိ ကိုးကွယ်ရာဘာသာနှင့်  ပြည်သူလူထုကို နှောင့်ယှက် စော်ကားခဲ့ကြောင်းကို တွေ့ရကြောင်း၊ ထို့ပြင် ဘုရားနှင့် တစ်ဂိုဏ်းတည်းထား ကိုးကွယ်ရသည့် ရတနာသုံးပါးစာရင်းဝင် သံဃာများ၊ အနန္တော၊ အနန္တဂိုဏ်းဝင် ဆရာများကိုပါ လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲပြီး သတ်ဖြတ်ခဲ့ကြသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့ထိ ရဟန်း သံဃာ (၆၇)ပါး သတ်ဖြတ်ခံရပါကြောင်း၊ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်း အပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာ အသတ်ခံခဲ့ရပါကြောင်း ပြောကြားသည်။

အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး ဆက်စပ်ပြောလိုပါကြောင်း၊ မြန်မာ နိုင်ငံ၌ရှိသည့် ထင်ရှားကျော်ကြားလှသည့် ဘုရား၊ ပုထိုးများထဲ၌ ကျိုက်ထီးရိုးစေတီ တော်သည်လည်း တန်ခိုးကြီးစေတီတစ်ဆူဖြစ်ကြောင်း၊ နှစ်စဉ်ဘုရားပွဲတော် ကျင်းပချိန်အပြင် တစ်နှစ်ပတ်လုံးနီးပါး ဘုရားဖူး ပြည်သူများနှင့် စည်ကားသက်ဝင်နေသည့် စေတီတစ်ဆူဖြစ်ကြောင်း၊   ဘုရားကို ဆက်စပ်ပြီး  ဒေသတွင်းပြည်သူလူထု၏ စီးပွားရေးကို အတိုင်းအတာ ကြီးကြီးမားမား ထောက်ကူပေးလျက်ရှိကြောင်း၊  ဒေသခံ ပြည်သူလူထုအနေနှင့်ရော  မြန်မာနိုင်ငံ တစ်ဝှမ်းသာမက ကမ္ဘာလှည့်ခရီးသွားများကပါ စိတ်ဝင်စားစွာ လာရောက်ဖူးမြော်ကြ၊ လေ့လာကြနှင့် စည်ကားလှသည့်နေရာကို အကြမ်းဖက်သမားများက  လာရောက်ပစ်ခတ် တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါကြောင်း၊ ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်မှုနေရာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်လာသည် ဖြစ်ကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်ကို သဘောပေါက်မိကြမည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့၌ လာရောက်တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အမျိုးသား ၉ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၉ ဦး ဒဏ်ရာရရှိခဲ့ပါကြောင်း၊ အကြမ်းဖက်မှု လုပ်ခဲ့သည့်အဖွဲ့များ အနေဖြင့် နံပါတ်(တစ်) ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဗြောင်လိမ်ပါကြောင်း၊ နံပါတ် (နှစ်) ဒေသခံပြည်သူလူထုကလည်း ထိုဖြစ်စဉ်နှင့် ပတ်သက်၍ KN , PDFအကြမ်းဖက် အဖွဲ့ဝင်များ လုပ်သွားသည်ဟု ပြောကြောင်း၊ ထိုအချိန်တွင် ယင်းအကြမ်းဖက်များက ဝေ့လည်ကြောင်ပတ်နှင့် လိမ်ပါကြောင်း၊ သေဆုံးသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးရသယောင် လုပ်ကြောင်း၊ ထိုသို့လုပ်ပြီး CCTV မှတ် တမ်းများချပြရန် ပြောကြသည့်အတွက် မိမိ တို့အနေဖြင့် အမှန်တကယ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နေရာရှိ CCTV မှတ်တမ်းကို ပြသခဲ့ပါကြောင်း၊  ထိုသို့ CCTV မှတ်တမ်းချပြ လိုက်သည့်အခါတွင်မူ  လျှောချသွားပါကြောင်း၊ CCTV မှတ်တမ်းထွက်လာပြီး အရပ်သားများကို ဦးတည် တိုက်ခိုက်ကြောင်း ပေါ်လွင်လာချိန်၌ အားလုံးက မသိချင်ယောင်ဆောင်သည်များ၊ လက်သည်မပေါ်အောင် လုပ်ဆောင်မှုများ ရှိလာသည်ကို တွေ့ရှိရကြောင်း၊  စာထုတ်ခြင်း၊ ကန့်ကွက်ခြင်းများကို အမြဲမပြတ် လုပ်လေ့ရှိသည့် သံရုံးဆိုသည့်  ရုံးများ၊ အမည်မျိုးစုံနှင့် အဖွဲ့အစည်းများအားလုံး နှုတ်ပိတ်နေသည်ကို  တွေ့ရပါကြောင်း၊   ကချင်ပြည်နယ်၊ အနန့်ပါ၌ ဖြစ်ခဲ့သည့်ဖြစ်စဉ်ဆိုလျှင် စာမျိုးစုံ ထုတ်ကြပါကြောင်း၊  ယင်းဖြစ်စဉ်သည် သောင်းကျန်းသူ၏   နေရာတစ်ခုသာဖြစ်ကြောင်း၊ ဈေးတန်းလည်း မဟုတ်ကြောင်း၊ ထိုနေရာသို့ KIA ခွင့်ပြုချက်မရဘဲ မည်သူမျှ ဝင်ခွင့်မရပါကြောင်း၊ အကြမ်းဖက်အဖွဲ့များ၊ သောင်းကျန်းသူများ ရှိသည့်နေရာတွင် ထိုဖြစ်စဉ်မျိုးဖြစ်လျှင် စာထုတ်ကြပြီး ဗုဒ္ဓဘာသာဝင်အများစု၊   နိုင်ငံခြားခရီးသွား အများစုသွားနေသည့် နေရာ၌ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်သည်ကိုမူ  မသိချင် ယောင်ဆောင်နေခြင်းသည် ထူးထူးဆန်းဆန်း ငြိမ်သက်နေခြင်းမျိုး ဖြစ်သည်ဟုသာ ပြောလိုပါကြောင်း၊  ဒါဟာအဖြေပဲဖြစ်ကြောင်း၊ ၎င်တို့လုပ်ရပ်များ၊  လုပ်ဆောင်ချက်များသည်  မြန်မာပြည်သူများ အတွက်လား၊ ၎င်းတို့လိုလားချက် အတွက်လားဆိုသည်ကို သဲသဲကွဲကွဲမြင်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက် မနက် ၉ နာရီ ၄၀ မိနစ်တွင်   အင်းစိန်ဗဟို အကျဉ်းထောင်၌ မိုင်းပေါက်ကွဲမှုဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသွားသည့် အထဲတွင် နိုင်ငံရေး အကျဉ်းသားများ၏ မိခင်များပါ ကြောင်း၊ မိမိတို့အနေဖြင့်လည်း လူသားချင်း စာနာထောက်ထားပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့်လည်း များစွာဝမ်းနည်းသည်ဟု ပြောလိုပါကြောင်း၊ မိုင်းဖောက်ခွဲသည့် သူများက ပစ္စည်းလက်ခံသည့် နေရာကို ဖောက်ခွဲခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏ အကြံအစည်က ဘာလဲဆိုတာ သိရမှာဖြစ်ကြောင်း၊ ယင်းပစ္စည်းကို  အကျဉ်းထောင်ထဲအထိ ရောက်အောင်ပို့၊ အကျဉ်းထောင်ထဲ၌ ဖောက်ခွဲပြီး အကျဉ်းသားများကို  နှုတ်ပိတ်လို၍လားပင် မသိကြောင်း၊ ယင်းဖြစ်စဉ်တွင် အရပ်သားပြည်သူ ၈ ဦး သေဆုံးပါကြောင်း၊ ဝန်ထမ်း ၅ ဦး အပအဝင် ပြည်သူ ၁၃ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အင်းစိန်ဗဟို အကျဉ်းထောင်၌ ဖြစ်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီးလည်း တရားခံများ ဖမ်းဆီးရမိပြီးဖြစ်ကြောင်း၊ တရားခံများ၏ ထွက်ဆိုချက်များကို ပြသပြီးဖြစ်ကြောင်း၊ ထို့ပြင် ကျိုက်ထီးရိုး၌  ဖြစ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရေး အတွက် CID က ဒုတိယအကြီးအကဲ ကိုယ်တိုင်သွားရောက်ပြီး စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် နေရာများ၊ ပစ်ခတ်သည့် လမ်းကြောင်းများ၊  လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှိခဲ့သည့် နေရာများကို ပြသပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ပြောလိုသည်မှာ အကြမ်းဖက် အဖွဲ့များနှင့် ပတ်သက်ပြီး အနှစ်ချုပ်ပြောရလျှင် မည်သူတို့ကို ဦးတည်ပြီး  တိုက်ခိုက်နေပါသလဲ၊  မည်သည့်အဖွဲ့အစည်းကို ပစ်မှတ်ထားသည်ဆိုခြင်းထက် ပြည်သူကို ဦးတည်ပစ်မှတ်ထားသည် ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊  အကြမ်းဖက်လုပ်ငန်း လုပ်ဆောင်ရာ၌ ပြည်သူဆိုတာအပြင် အချင်းချင်းကိုပင် ထိခိုက်သေကျေအောင် တိုက်ခိုက်နေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ မိမိပြောလိုသည်မှာ မြန်မာပြည်သူများ အတွက် အစချီ ခေါင်းစဉ်တပ် စာထုတ်နေသူများကရော အမှန်တကယ်ပဲ ပြည်သူအတွက် ဟုတ်ပါသလား၊ ပြည်သူအတွက် ဟုတ်သည်ဟူ၍ မိမိတို့ပြည်သူများကရော ယုံကြည်ပါ၏လားဟု မေးခွန်းထုတ်ရင်း မိမိ၏ ရှင်းလင်းမှုကို နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်   ဦးခင်မောင်ဦးက (က) ၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင်ရွက် မှုအခြေအနေ၊ (ခ) အခြေခံမဲဆန္ဒရှင် စာရင်းများ ပြုစုခြင်း၊ စိစစ်ခြင်း၊ မဲရုံနှင့် မဲရုံသုံးပစ္စည်းများလျာထား တွက်ချက်ခြင်းများ၏ ဆောင်ရွက်မှု အခြေအနေ၊  (ဂ) ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို   ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်  ၅  ရပ်ပါ  လုပ်ငန်းစဉ်(၁)နှင့်အညီ  ၂၀၂၀  ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများ စစ်ဆေးခြင်း၊ မဲလက်မှတ်များစစ်ဆေး ခြင်းနှင့် ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး များအပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံမေးမြန်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။ 

ထိုသို့ဆောင်ရွက်စိစစ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်   အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်း ၃၈ ဒသမ ၂ သန်းကျော် အနက် မဲမသမာမှု ပြုနိုင်သည့် မဲဆန္ဒရှင်ပေါင်း ၁၁ ဒသမ ၃ သန်းကျော် ၊ မဲဆန္ဒရှင်စုစုပေါင်း ၂၉ ဒသမ ၅၄ ရာခိုင်နှုန်းကို စစ်ဆေးတွေ့ရှိကြောင်း၊  ထို့အတူ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲလက်မှတ်များကို စစ်ဆေးရာတွင်လည်း   လျော့နည်း ပျောက်ဆုံးသည့်  မဲလက်မှတ်အရေအတွက် ၁ ဒသမ ၄ သန်းကျော်နှင့် အပိုတွေ့ရသည့် မဲလက်မှတ် ၄ ဒသမ ၃ သိန်းကျော်တို့ကို  တွေ့ရှိခဲ့ကြောင်း၊ အလားတူ ရွေးကောက်ပွဲဖြစ်စဉ် တစ်ရပ်လုံးအပေါ် စိစစ်မေးမြန်း စစ်ဆေးမှုများပြုရာတွင်   တွေ့ရှိချက်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန် ခဲ့ကြသူများကိုလည်း ဖော်ထုတ်ရရှိခဲ့သည်များကို  (Power Point) ဖြင့် ရှင်းလင်းပြောကြားသည်။          

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်   နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အလားတူ မှားယွင်းမှု၊  အားနည်းပျက်ကွက်မှုများနှင့်  ဥပဒေ ချိုးဖောက်မှုများ မဖြစ်စေရန်အတွက် အခြေခံကျသည့် ဥပဒေမူဘောင်ပိုင်း ဆိုင်ရာ စိစစ် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊  ယင်းနေရာတွင် အရေးကြီးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ပါရှိသည့် မဲစာရင်းပြုစုခြင်းနှင့်  မဲစာရင်းစိစစ်ခြင်းအပိုင်း၊   ကြိုတင်မဲပေးခြင်း၊ မဲရုံတွင်  မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့်  မဲရလဒ် ထုတ်ပြန်ခြင်းအပိုင်းကို     ပိုမိုကောင်းမွန်ပြည့်စုံစေရန်  ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း၊ အငြင်းပွားဖွယ်နှင့် ဒေသခံများ လက်မခံ ကန့်ကွက်နေသည့် ယခင်ရက်ပေါင်း ၁၈၀၊ ယခုပြင်ဆင်သည့်အခါ ရက်ပေါင်း ၉၀ နေထိုင်သူများကို မဲစာရင်းတွင် ထည့်သွင်းပြီး မဲပေးခွင့်ပြုခြင်းကို ပယ်ဖျက်ခြင်း၊   နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ   သတိပြုဆောင်ရွက်ရန် လိုအပ်သည့် “ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း” အခန်းကို အသစ်ဖြည့်စွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့်ပြစ်ဒဏ်များကို သင့်လျော်မျှတအောင် ဖြည့်စွက် ပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲစနစ်ကိုလည်း တိုင်းရင်းသား လူနည်းစုများအတွက် အခွင့်အရေး ပိုမိုရရှိစေပြီး  မျှတသည့် ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်)ကို  ကျင့်သုံး အသုံးပြုဆောင်ရွက်နိုင်ရေး နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်း သဘောတူဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း  ပြောကြားသည်။

ထို့ပြင် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင်  အလားတူဖြစ်စဉ်များ  ထပ်မံမဖြစ်ပေါ်စေရေး အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များတွင်   ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြသူများကိုလည်း   ရွေးကောက်ပွဲဥပဒေ၊ သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။      

ဆက်လက်ပြီး အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုစိစစ်ခြင်းကို မဲရုံနှင့်မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ခြင်းများ ဆောင်ရွက်မှု အခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပနိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည့်  အခြေခံမဲဆန္ဒရှင် စာရင်းများပြုစုခြင်းကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင် မဲစာရင်းပြုစုရာ၌ အခြေခံရမည့် စာရင်းများဖြစ်သည့်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ ကို ရယူပြုစုထားသည့် စာရင်းနှင့်  ပြည်ထဲရေးဝန်ကြီးဌာန၏  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာအလိုက် ကောက်ယူထားသည့်  မြေပြင်လူဦးရေ စာရင်းတို့ကို ဦးစွာတိုက်ဆိုင် စစ်ဆေးခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုက်ဆိုင် စစ်ဆေးပြီးဖြစ်သည့်  အခြေခံလူဦးရေ စာရင်းများကို ရယူပြီး   ကနဦးမဲဆန္ဒရှင် စာရင်းစိစစ်ခြင်းစနစ် (IVLS ) အသုံးပြုစိစစ်ခြင်းနှင့် တွေ့ရှိချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ ပေးပို့ခြင်း၊   သက်ဆိုင်ရာ ဝန်ကြီးဌာနများက မြေပြင်စိစစ်အတည်ပြု၍   ပြန်လည်ပေးပို့သည့် စာရင်းများကို  ရယူပြီး  လစဉ် Update ပြုလုပ်ခြင်းတို့ဖြင့်  မှန်ကန်ပြည့်စုံသည့် အခြေခံမဲဆန္ဒရှင် စာရင်းရရှိရေး ဆောင်ရွက်လျက် ရှိကြောင်း  ပြောကြားသည်။    

ထို့အတူ အထက်ပါစိစစ်ပြုစုထားသည့် အခြေခံမဲဆန္ဒရှင် စာရင်းများကို အခြေခံပြီး မဲရုံအရေအတွက်နှင့် မဲရုံနေရာများ လျာထားသတ်မှတ်ခြင်း၊ လိုအပ်မည့်် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံသုံးပစ္စည်းများ တွက်ချက်စာရင်းပြုစုခြင်းများကို ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရေးနှင့် စပ်လျဉ်းပြီး   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် ၈ မြို့နယ်အတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊  အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ   တာဝန်ခံ အရာရှိများက   ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီး/ပြည်နယ်များတွင်  မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး လစဉ့် Update ပြုလုပ်ရေးနှင့် မဲရုံနှင့် မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ခြင်း ညှိနှိုင်းအစည်းအဝေးကို ၅-၁၀-၂၀၂၂ ရက်နေ့တွင် Video Conference စနစ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲ အရာရှိများ တက်ရောက်၍ လည်းကောင်း၊  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြို့နယ် ၈ မြို့နယ်၏ မဲဆန္ဒရှင် စာရင်းများပြည့်စုံမှန်ကန်ရေး လစဉ် စိစစ်ခြင်းလုပ်ငန်းနှင့်  မဲရုံအရေအတွက်များ လျာထား သတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ၇-၁၀-၂၀၂၂ ရက်နေ့တွင် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ကြောင်း၊  သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ဆောင်ရွက်ရမည့် လုပ်ငန်း လိုအပ်ချက်များကို အသေးစိတ်ပေါင်းစပ် ညှိနှိုင်း ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ၈ မြို့နယ်တွင် ဆောင်ရွက်မှုများအပေါ် အခြေခံပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို နိုဝင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း၊ အစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြင့်ကြိုင်၊ ဒေါက်တာမျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း ပြောကြားသည်။     အစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လွတ်လပ်ပြီး  တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကဲ့သို့ အမှားများမဖြစ်စေရေး အဓိကထား ဆောင်ရွက်နိုင်ရန် အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မဲစာရင်းများမှန်ကန်စေရေး ပထမအဆင့် အနေဖြင့် နိုင်-၄ နှင့် ပတ်သက်သည့် စာရင်းဇယားများကို   အတိအကျဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအဆင့် အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွန်ပျူတာစနစ်ဖြင့် စိစစ်ပြီးနောက် ပုံစံ၆၆/၆ ကို  Software နည်းပညာဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း၊ တတိယအဆင့်အနေဖြင့် မြေပြင်တွင် စိစစ်၍ စာရင်းကောက်ယူခြင်းဖြင့် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိပြီး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ကြောင်းနှင့်  မြေပြင် စာရင်းကောက်ယူသည့်အခါ မသန်စွမ်း အမျိုးအစား လေးမျိုးစာရင်းကို သေချာစွာ ရေးသားဖော်ပြရန် လိုကြောင်း ဆွေးနွေး ပြောကြားခဲ့ပြီး    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အစည်းအဝေး    တက်ရောက်သူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြောင်း ပြောကြားသည်။    

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအနေဖြင့်   ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ  ဦးသိန်းစိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Association of World Election Bodies(A-WEB) ၏ ဖိတ်ကြားချက်အရ တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့၌ အောက်တိုဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် (၅)ကြိမ်မြောက် အထွေထွေ ညီလာခံကို တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ညီလာခံသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျော်၊ တောင်အာဖရိက   နိုင်ငံရွေးကောက်ပွဲ ကော်မရှင်နှင့်  A-WEB မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း၊ ညီလာခံတွင် ယခင်ဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်ခဲ့သည့် အိန္ဒိယနိုင်ငံမှဥက္ကဋ္ဌသစ် တာဝန်ယူဆောင်ရွက်မည့် တောင်အာဖရိက နိုင်ငံရွေးကောက်ပွဲ ကော်မရှင်သို့ A-WEB အဖွဲ့အစည်းအလံ ပေးအပ်ခြင်း၊   A-WEB ဒုတိယဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည့်နိုင်ငံနှင့် Executive Board Member များ ရွေးချယ်ခြင်း၊ ခေါင်းစဉ် ၅ ခုဖြင့် ဆွေးနွေးခြင်းအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရွေးကောက်ပွဲများတွင် ဒီမိုကရေစီစနစ်၏ ကောင်းမွန်သော အလေ့အကျင့်ကောင်းများ မြှင့်တင်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ အခန်းကဏ္ဍ တိုးတက်မြင့်မားရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားရှိသည့် တည်ဆဲနိုင်ငံရေး ပါတီ ၉၂ ပါတီအနက်  ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီUnion Betterment Party (UBP) သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်စွဲပါစာဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် တင်ပြလာခဲ့ကြောင်း၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ၏ တင်ပြချက်နှင့် စပ်လျဉ်းပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင်  ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပြီး   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကိုဖျက်သိမ်းရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍  ပါတီကို ဖျက်သိမ်းလိုက်ခြင်းကို  ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။   

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့် ကျင်းပပေးရမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အကြိုလုပ်ငန်းစဉ်များ ဖြစ်သည့် ဥပဒေမူဘောင်ဆိုင်ရာများကို ယခင်ရွေးကောက်ပွဲ အတွေ့အကြုံ၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်တို့နှင့်အညီ သုံးသပ်ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်သည် မကြာမီ အတည်ပြု ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း၊ ထိုဥပဒေကို အသစ်ပြင်ဆင်ရေးဆွဲရာတွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲများနှင့် နိုင်ငံရေးပါတီများကို စစ်ဆေးခဲ့သည့် အတွေ့အကြုံများကို  အခြေခံပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိနိုင်ငံရေးပါတီ ၉၀ ကျော် ရှိသော်လည်း   ယခင်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ အနက် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအနိုင်ရရှိသည့်  ပါတီပေါင်းသည်  ပါတီ ၂၀ ဝန်းကျင်ခန့်ရှိပြီး ပါတီအများစုသည်   ကိုယ်စားလှယ်နေရာ ရရှိမှုမရှိဘဲ ထောက်ခံမဲ ပမာဏကိုကြည့်လျှင် ရာဂဏန်း၊ ထောင်ဂဏန်းသာ ရရှိသည်ကို တွေ့ရှိရကြောင်း၊ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း အရေအတွက်ကို ကြည့်လျှင် အနည်းဆုံးမဖြစ်မနေ ယှဉ်ပြိုင်ရမည့် ကိုယ်စားလှယ်ဦးရေ  ၃ ဦးသာ အိမ်ပြည့်အနေဖြင့် ယှဉ်ပြိုင်သည့်ပါတီများကို တွေ့ရှိရမှာဖြစ်ကြောင်း၊  ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖော်ဆောင်ရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည့် အတွက် ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများ ဖြစ်ပေါ်လာရေး ရည်ရွယ်ပြီး   နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို  အသစ်ပြဋ္ဌာန်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးကို အာမခံပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရှေ့လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည ့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး   မဲပေးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မည်သည့်ရွေးကောက်ပွဲတွင်မဆို မဲဆန္ဒရှင် ၁၀၀ ရာခိုင်နှုန်း ပါဝင်မဲပေးကြခြင်း မရှိသော်လည်း နိုင်ငံတစ်ဝှမ်းအကြားအလပ်မရှိ ကျင်းပနိုင်ရေးနှင့် အများစုပါဝင်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရာတွင်   ရွေးကောက်ပွဲများသည်   အလွန်အရေးကြီးသည့်အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကျင်းပမည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သော်လည်း နိုင်ငံခြား တိုင်းပြည်အချို့က အပြုသဘော မဆောင်ဘဲ ဝေဖန်မှုများ ပြုလုပ်နေခြင်းများသည် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ၎င်းတို့၏ သဘောထားမည်သို့ရှိသည်ကို ဝေဖန်လေ့လာဆန်းစစ်လျှင် တွေ့ရှိရမှာဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပသည့်အတွေ့အကြုံရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများ၏ အခြေအနေကိုလည်း သိရှိထားပြီးဖြစ်သဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကိုဆောင်ရွက်နိုင်မည့် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင် ရွေးချယ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။  

နိဂုံးချုပ်အနေဖြင့်    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏   နိုင်ငံတော် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် လုပ်ငန်းစဉ်(၁)ပါ လုပ်ဆောင်သင့် လုပ်ဆောင်ထိုက် သည်များကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။     ။