နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်း နိုင်ငံမှပြန်လည်ရောက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ရုရှားဖက်ဒရေးရှင်း နိုင်ငံမှပြန်လည်ရောက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး  H.E. Mr. Vitaly Saveliev၏ ဖိတ်ကြားချက်အရ  ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဖိုရမ်နှင့် Transport Week 2022 ၂၀၂၂ ပြပွဲသို့ တက်ရောက်ခဲ့သည့်   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင်  ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  ဝန်ကြီးဌာနမှ တာဝန်ရှိသူများက  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့သည်  မော်စကိုမြို့သို့ ရောက်ရှိစဉ် အတွင်း နိုဝင်ဘာ ၁၆ ရက်တွင် မီးရထားစက်ခေါင်း၊ တွဲများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှု အရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ မောင်းသူမဲ့လေယာဉ်များကို မြို့တွင်းသယ်ယူ ပို့ဆောင်ရေးတွင် အသုံးပြုခြင်းဆိုင်ရာ  ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ်၊ ရန်ကုန်- ကရာနိုရက်စ် နှစ်ဖက်လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ   မြို့ပြလေကြောင်း အာဏာပိုင်များ အကြား    သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို တက်ရောက်ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည်    ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး Mr. Igor Petrovich Chalikနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ နိုဝင်ဘာ  ၁၇  ရက်တွင်  ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲ(International Transport Cooperation in 2022) သို့ တက်ရောက်ခဲ့ပြီး Transport Weekကာလအတွင်း ခင်းကျင်းပြသထားသော  ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။

နှစ်နိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာနများ အကြား တွေ့ဆုံမှု အစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်က ရထားပို့ဆောင်ရေး ဆိုင်ရာ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေး လုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများတွင်    အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီ များစွာရှိသဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ကြီးသုံးမြို့တို့အကြား လေယာဉ်ခရီးစဉ်များ ပြေးဆွဲရေးကို   အထောက် အကူပြုနိုင်ရန် အတွက်  နှစ်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက်ကို ယနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Myanmar Airways International (MAI ကလည်း နှစ်နိုင်ငံ အကြား  ခရီးစဉ်များကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန်အဆိုပြုလွှာ တင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံပူးပေါင်းရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ   ဒေသတွင်း အချက်အချာကျသည့်  နေရာတွင်တည်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့်   လုပ်ငန်း/နယ်ပယ် အများအပြားရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရထားလမ်း ကွန်ရက်အောက်တွင် တရုတ်၊  အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့် မီးရထားလမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက် ရှိကြောင်း၊ ကားလမ်း ကွန်ရက်ဆက်သွယ်မှုအတွက်  အာရှလမ်းမကြီး၊  အာဆီယံ လမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ လမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ် အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည်နှင့် ခရီးသည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီဖြစ်စေရေး၊  ဘက်စုံပို့ဆောင်မှု မြှင့်တင် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ရုရှားဆက်သွယ်နိုင်ရေး အတွက် မြောက်-တောင် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးစင်္ကြံ (North-South Transport Cooridor) ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့်   ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကိုယ်စားလှယ် ၁၆၀ ဦးခန့်နှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း ၁၄၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ရုရှား-မြန်မာနှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှု အပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။