ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက  လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း အခမ်းအနား ကျင်းပပြီး လှူဖွယ် ဝတ္ထုပစ္စည်းနှင့် ထောက်ပံ့ငွေများ လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများက  လွိုင်ကော်ကက်သလစ်သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း အခမ်းအနား ကျင်းပပြီး လှူဖွယ် ဝတ္ထုပစ္စည်းနှင့် ထောက်ပံ့ငွေများ လှူဒါန်း

လွိုင်ကော် နိုဝင်ဘာ ၁၉

ကယားပြည်နယ်အစိုးရ အဖွဲ့နှင့် တာဝန်ရှိ သူများက လွိုင်ကော်ကက်သလစ်သာသနာ မှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင်ဘုန်းတော်ကြီးများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်  လွိုင်ကော်ကက်သလစ် သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ   လွိုင်ကော်ကက်သလစ် သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများက  အဖွင့်ဆုတောင်း မေတ္တာဖြင့် အခမ်းအနားကို စတင်သည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း  မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည်  ကိုးကွယ်သည့် ဘာသာများ မတူညီသော်လည်း ဘာသာရေး ယုံကြည်ချက်နှင့် ဓလေ့ထုံးတမ်းများကို အခြားဘာသာဝင်များက အပြန်အလှန်လေးစားကာ အေးချမ်းစွာ  အတူယှဉ်တွဲ နေထိုင်လျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ  ဘာသာအသီးသီး၏ လွတ်လပ်စွာယုံကြည် ကိုးကွယ်ခွင့်ကို အလေးထားကြောင်း၊ ပြည်သူများ၏ အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့်  ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို  အလေးထား ဆောင်ရွက်ပေးလျက် ရှိကြောင်း  ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်အောင် က ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး နှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေမှု  အခြေအနေများကို ဆွေးနွေးသည်။

၎င်းင်းနောက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုးက မိတ်ဆက်စကား ပြောကြားပြီး ကက်သလစ်အသင်းတော်မှ ဖာရ်သာချဲဆိုဘရွှေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး  ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ဇုန်ခရစ်ယာန် ဘုရားကျောင်းများ အတွက်လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်က ဒီးမော့ဆိုဇုန်ခရစ်ယာန် ဘုရားကျောင်းများ အတွက် လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဖရူဆို ဇုန်ခရစ်ယာန် ဘုရားကျောင်းများအတွက် လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက မယ်စဲ့ဇုန်ခရစ်ယာန် ဘုရားကျောင်းများအတွက် လည်းကောင်း၊ စားသောက်ဖွယ်ရာများနှင့်  ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ အသင်းတော်များမှ ဖာရ်သာများက လက်ခံရယူကြသည်။

ဆက်လက်၍  လွိုင်ကော်ကက်သလစ် သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများက ဘာသာရေး၊ သာသနာရေးနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ချုပ်က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်ကက်သလစ် သာသနာမှ ပြည်နယ်အတွင်းရှိ ကျောင်းထိုင် ဘုန်းတော်ကြီးများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။