ဒုတိယဝန်ကြီး ဦးမြင့်စိုး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဒုတိယဝန်ကြီး ဦးမြင့်စိုး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၉

ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသော ခေတ်မီစံပြကျေးရွာ စီမံကိန်းလုပ်ငန်းများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးတွင်   ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးအာကာလင်းနှင့်တွေ့ဆုံ ဆွေးနွေးသည်။

ထို့နောက် ဒုတိယဝန်ကြီး၊  ဒေသဦးစီး ဥက္ကဋ္ဌနှင့် အဖွဲ့သည်     ပင်းတယမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်နေသော (၅၈X ၅၃ X၂၄)ပေ RC  နှစ်ထပ်ရုံး အဆောက်အအုံဆောက်လုပ်နေမှုနှင့် ပွေးလှ-တမဲ ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့်   ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့သည်    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ရှမ်းပြည်နယ် (တောင်ပိုင်း)၊   ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ခေတ်မီစံပြကျေးရွာ (SMART Village)အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသော ပင်းတယမြို့နယ် ကျားကုန်းကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် အဖွဲ့သည်   ခေတ်မီစံပြကျေးရွာ အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(RBF)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ဝက်မွေးမြူရေးလုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့်   နွားမွေးမြူရေး လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်ရေးအတွက် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသည်။

ယင်းနောက်    အိမ်ခြေ ၁၄၄ အိမ်၊ လူဦးရေ ၆၈၄ ဦး၊   စိုက်ပျိုးဧက ၄၀၀ အတွက် အကျိုးပြုစေမည့် အရှည် ၁ မိုင်၂ ဖာလုံရှိသော ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ပြီးစီးခဲ့သော လေးအိမ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းကို    ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်ပေးမည့် ကုန်ထုတ်လမ်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် မှတ်ပုံတင်ဆောင်ရွက်နေသော ညောင်ရွှေမြို့နယ် မြင့်မိုရ်နန်း စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းအား ကြည့်ရှုလေ့လာရာ လုပ်ငန်းရှင်၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ဆက်လက်၍ အေးသာယာစက်မှုဇုန်ရှိ တောင်ကြီးမြို့နယ် သမဝါယမအသင်းစုပိုင် မြမဉ္စူဆီစက်ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဆီစက်အတွက် လိုအပ်သော ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ပြည့်မီသောဆီများ    ထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။