ပြိုင်ဘက်အိုကာမီကို ပထမအချီနှစ်မိနစ်အတွင်း အောင်လအန်ဆန် အနိုင်ယူ

ပြိုင်ဘက်အိုကာမီကို ပထမအချီနှစ်မိနစ်အတွင်း အောင်လအန်ဆန် အနိုင်ယူ

ONE Championship အဖွဲ့အစည်းက ကျင်းပသည့် ONE 163   ပြိုင်ပွဲကို နိုဝင်ဘာ ၁၉ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပရာ မြန်မာ  MMA   ဖိုက်တာ အောင်လအန်ဆန်က ဂျပန်နိုင်ငံသား အိုကာမီကို ပထမအချီမှာပင် အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။

အောင်လအန်ဆန်သည် ပထမအချီအစမှာပင် အနိုင်ရခဲ့ခြင်း ဖြစ်ပြီး အိုကာမီ၏ ချုပ်ကွက်ကိုရှောင်ထွက်ကာ အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် ခြေကန်ချက်ဖြင့် စတင်ထိုးသတ်ခဲ့ပြီး အိုကာမီက ချုပ်ကွက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ အိုကာမီသည်  ချုပ်ကွက်ဖြင့်  ပွဲသိမ်းနိုင်ရန်  ကြိုးပမ်းခဲ့သော်လည်း အောင်လအန်ဆန်က  ရုန်းထွက်နိုင်ခဲ့သည်။  အိုကာမီသည် နောက်တစ်ကြိမ်ထပ်ချုပ်ရန် ကြိုးပမ်းရာ အောင်လအန်ဆန်၏ ဒူးတိုက်ချက်မိပြီး ယိုင်ဆင်းလဲကျခဲ့ကာ အောင်လအန်ဆန်က တရစပ်ထိုးသတ်ခဲ့သည်။ အောင်လအန်ဆန်သည်  ပွဲသိမ်းနိုင်ရန်  တရစပ်ထိုးသတ်ရာ  ၁  မိနစ် ၄၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ဖေဖော်ဝါရီလက ထိုးသတ်သည့်ပွဲတွင် ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်ကို အရေးနိမ့်ခဲ့ပြီး ယခုပြန်လည် ထိုးသတ်သည့်စိန်ခေါ်ပွဲတွင် အိုကာမီကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။

အိုကာမီသည် အဖွဲ့အစည်းမျိုးစုံနှင့် ပြိုင်ပွဲများ ထိုးသတ်ဖူးသူဖြစ်ပြီး ယခုပွဲတွင်မူ အောင်လအန်ဆန်ကို ပွဲအစ နှစ်မိနစ်အတွင်းမှာပင် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။