(၁၄)ကြိမ်မြောက် အာရှနဂါး လှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအသင်း ငွေငါးခု ဆွတ်ခူးရရှိ

(၁၄)ကြိမ်မြောက် အာရှနဂါး လှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားအသင်း ငွေငါးခု ဆွတ်ခူးရရှိ

ရန်ကုန်  နိုဝင်ဘာ  ၂၀

    ထိုင်းနိုင်ငံ ပတ္တရားမြို့၌ နိုဝင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပသည့် (၁၄)ကြိမ် မြောက် အာရှနဂါးလှေလှော် ချန်ပီယံရှစ် ပြိုင်ပွဲဗိုလ်လုပွဲများကို နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ကျင်းပခဲ့ရာ မြန်မာလှေလှော် အားကစားအသင်း  ငွေငါးခုဆွတ်ခူးရရှိ ကြောင်း သိရသည်။

    ဗိုလ်လုပွဲပြိုင်ပွဲများ၌ မီတာ ၁၀၀၀ အမျိုး သား၂၂ တက်လှော်တွင် ပထမ တရုတ်၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းနိုင်ငံက လည်းကောင်း၊ မီတာ ၁၀၀၀ အမျိုးသား+အမျိုးသမီး၂၂ တက်လှော်တွင် ပထမ အင်ဒို နီးရှား၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းတို့က လည်းကောင်း၊ မီတာ ၁၀၀၀ အမျိုးသမီး ၁၂ ယောက်လှေလှော်တွင် ပထမ တရုတ်၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းကလည်း ကောင်း၊ မီတာ ၁၀၀၀ အမျိုးသား+အမျိုး သမီး ၁၂ တက်လှော်တွင် ပထမ  အင်ဒိုနီးရှား၊ ဒုတိယ မြန်မာ၊ တတိယ ထိုင်းက လည်းကောင်း၊ မီတာ ၅၀၀ အမျိုးသား+ အမျိုးသမီး ၁၂ တက်လှော်တွင် ပထမ အင်ဒိုနီးရှား၊ ဒုတိယ မြန်မာ၊ တတိယ ဟောင်ကောင်တို့ ဆွတ်ခူးရရှိခဲ့သည်။ မြန်မာ အသင်းသည် ပြိုင်ပွဲ ၁၅ မျိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုတံဆိပ်ငါးခု ဆွတ်ခူးရရှိခဲ့သည်။

    အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်ထိုင်းအသင်း၊ သြစတြေးလျအသင်း၊ ကမ္ဘောဒီးယားအသင်း၊ တိုင်ပေအသင်း၊  ဟောင်ကောင်အသင်း၊ တရုတ်အသင်း၊ အိန္ဒိယအသင်း၊ အင်ဒိုနီးရှား အသင်း၊ မလေးရှားအသင်း၊ မြန်မာအသင်း၊ နီပေါအသင်း၊ စင်ကာပူအသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း  သိရသည်။  မြန်မာ အသင်းသည် နိုဝင်ဘာ၂၂ ရက်မှ ၂၆ ရက် အထိကျင်းပမည့် ထိုင်းရိုးရာ လှေလှော်ပြိုင်ပွဲသို့ ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။