၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကာတာ  နိုဝင်ဘာ  ၂၀

ကမ္ဘာတစ်ဝန်းက ဘောလုံးချစ်ပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားဆုံးဖြစ်တဲ့ လေးနှစ်တစ်ကြိမ်ကျင်းပမြဲ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကတော့ အခုဆိုရင် ကာတာနိုင်ငံ အသင်းနဲ့   အီကွေဒေါနိုင်ငံအသင်းတို့ရဲ့ ယှဉ်ပြိုင်မှုနဲ့အတူ  စတင်ဖွင့်လှစ်လိုက်ပါပြီ။

ဒီနှစ်မှာကျရောက်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသူကတော့ ကာတာနိုင်ငံပဲ ဖြစ်ပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ  ပထမဆုံး အကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့နိုင်ငံ ဖြစ်ပါတယ်။

အိမ်ရှင်ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ငွေကုန်ကြေးကျများစွာ ဖျော်ဖြေနိုင်ဖို့အတွက် များစွာအားခဲထားခဲ့တာပါ။

ဒါပေမဲ့  ဖွင့်ပွဲအခမ်းအနားကတော့ ယခင်ပွဲတွေတုန်းကလို  စည်ကားသင့်သလောက်မစည်ကားတာကို တွေ့လိုက်ရပါတယ်။ သို့သော်လည်း ရှိသင့်ရှိထိုက်တဲ့ ဂုဏ်သိက္ခာနဲ့အညီတော့ဖြစ်သွားတယ်လို့  ဆိုနိုင်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကြီးကို ဧည့်ပရိသတ်အယောက် ၆၀၀၀၀ ဆံ့ အယ်ဘေ့ဘောလုံးကွင်းကြီးမှာ ကျင်းပခဲ့တာပါ။ အဲဒီအခမ်းအနားကို ကာတာနိုင်ငံအကြီးအကဲအပြင် ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားနဲ့ အခြားသောထိပ်တန်းတာဝန်ရှိသူများ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

ဖွင့်ပွဲအခမ်းအနားမစတင်မီ ကွင်းအတွင်းကို ပထမဆုံးဝင်လာသူက ပြင်သစ်အကျော်အမော် ခံစစ်မှူးတစ်ဦးဖြစ်တဲ့ မာဆဲဒီဆေးလီဖြစ်ပြီး ကမ္ဘာ့ဖလားဆုကိုကိုင်ပြီး ဝင်လာတာပါ။ အဲဒီနောက် ကမ္ဘာ့ဖလားဆုကို သတ်မှတ်နေရာမှာ ထားရှိခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဇာတ်ကြောင်းပြောသရုပ်ဖော်သူအဖြစ် ဆောင်ရွက်ခဲ့သူကတော့ အမေရိကန်  ဂန္ထဝင်ရုပ်ရှင်မင်းသားကြီး မော်ဂန်ဖရီးမင်းပဲ ဖြစ်ပါတယ်။

သူ့ရဲ့နောက်မှာ တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခဲ့သူက ကိုရီးယားနိုင်ငံမှ နာမည်ကျော် အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့မှ အဆိုတော်ဂျောင်ဂုဖြစ်ပါတယ်။ သူကတော့ ကာတာအဆိုတော် ဖာဟတ်အယ်ကူဘေဆီနဲ့အတူတွဲဖက်ပြီး Dreamers အမည်ရှိတဲ့ သီချင်းကို သီဆိုဖျော်ဖြေသွားပါတယ်။

ဒါ့အပြင် ရာပေါင်းများစွာသော အကပညာရှင်များ၊ တေးဂီတပညာရှင်များက ဘောလုံးကွင်းကြီးထဲမှာ သီဆိုတီးမှုတ် ကခုန်ဖျော်ဖြေမှုများနဲ့တင်ဆက်ခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားပြီးတဲ့ နောက်မှာတော့ အိမ်ရှင်ကာတာအသင်းနဲ့ အီကွေဒေါအသင်းတို့က ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ပထမဆုံးပွဲစဉ်ကို စတင်ကစားကြပါတယ်။

၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို နိုင်ငံအသင်း ၃၂ သင်းက အုပ်စု ၈ ခုခွဲကာ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်မှာ နောက်ဆုံးဗိုလ်လုပွဲကိုကစားသွားမှာ ဖြစ်ပါတယ်။                  

Ref:IE