၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် စီရော်နယ်ဒို ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင် အနားယူဖွယ်ရှိနေ

ပေါ်တူဂီအသင်းနှင့် မန်ယူအသင်း ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်ဒိုသည် ၂၀၂၂  ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်တွင် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှ အပြီးတိုင် အနားယူဖွယ်ရှိနေကြောင်း    သတင်းများ ထွက်ပေါ်လျက်ရှိသည်။

စီရော်နယ်ဒိုသည်    ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပေါ်တူဂီအသင်းနှင့်သွားရောက်မပူးပေါင်းမီ အင်တာ ဗျူးအစီအစဉ် တစ်ခုတွင် မန်ယူအသင်းကို ပြင်းပြင်း ထန်ထန်ဝေဖန်မှုများ ပြုလုပ်ခဲ့သကဲ့သို့ အသင်းနည်းပြ တန်ဟတ်နှင့်     အသင်းဖော်ဟောင်းများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများပြုလုပ်ခဲ့သည်။

လက်ရှိတွင် စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်ရန် ပေါ်တူဂီအသင်းနှင့် ပူးပေါင်းလျက်ရှိပြီး မန်ယူအသင်းကလည်း  ဝေဖန်မှုများပြုလုပ်ခဲ့သော စီရော်နယ်ဒိုကို   အပြစ်ပေးသည့်အနေဖြင့် ၎င်းနှင့် ချုပ်ဆိုထားသော  လက်ကျန်စာချုပ်ကိုဖျက်သိမ်းပြီး အသင်းမှထုတ်ပယ်ရန် ကြိုးပမ်းလျက်ရှိသည်။ မန်ယူ အသင်းက စီရော်နယ်ဒိုအနေဖြင့် စာချုပ်ပါအချက် အလက်များကို    ချိုးဖောက်ခဲ့သည်ဟု   စွပ်စွဲခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး   တစ်နှစ်လုပ်ခလစာ  စတာလင်ပေါင်  ၁၆ သန်းကိုမပေးဆောင်ဘဲ စာချုပ်ဖျက်သိမ်းမည်ဖြစ်သည်။

စီရော်နယ်ဒိုကိုယ်တိုင်က ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးဆုံးချိန်တွင်  မန်ယူအသင်းနှင့် ပြန်လည်မပူးပေါင်းဘဲ ပြောင်းရွှေ့ကစားမည့်အသင်းသစ် ရှာဖွေမည်ဖြစ်ပြီး ၎င်းကိုယ်တိုင်က ဥရောပထိပ်တန်း အသင်းတစ်သင်း၌သာ ကစားလိုသည့်အတွက် တခြားအသင်းများသို့   ပြောင်းရွှေ့ကစားမည်မဟုတ်ဘဲ   ထိပ်တန်း အသင်းတစ်သင်းသို့    မပြောင်းရွှေ့ဖြစ်ပါက  ကစားသမားဘဝမှ  အပြီးတိုင် အနားယူဖွယ်ရှိနေသည်။  ၎င်းက  ပြီးခဲ့သည့်ရက်ပိုင်းက     ဘိုင်ယန်မြူးနစ် အသင်းသို့   ပြောင်းရွှေ့ကစားရန် ချိတ်ဆက်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူမည်မဟုတ်ဟု ကြေညာခဲ့ကြောင်း သိရသည်။

Ref;The Athletic