လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်)

လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး

ယခုအချိန်ကာလသည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါနှင့်ရင်ဆိုင်နေရဆဲဖြစ်သော်လည်း  မြန်မာနိုင်ငံ အနေဖြင့်မူ အောင်မြင်စွာကျော်လွှားနိုင်သည့် အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါအလွန်ကာလများတွင် မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ ချမှတ်ဆောင်ရွက် လျက်ရှိသည်။ မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)အတည်ပြုပြဋ္ဌာန်းခြင်း၊ မသန်စွမ်း သူများ၏ အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည် ငွေကျပ် ၃ ဘီလီယံကို တိုးပွားအောင် ဆောင်ရွက်ပြီး  မသန်စွမ်းသူများ၊  မသန်စွမ်းအဖွဲ့အစည်းများသို့ ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်း များကို  အကောင်အထည်ဖော်လျက်ရှိသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေများ၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာ နေထိုင်အသုံးပြုနိုင်ရေး၊ တရားမျှတမှုရရှိပိုင်ခွင့်၊ သုတေသနနှင့် စောင့်ကြည့် အကဲဖြတ် စသည်ဖြင့် ဆပ်ကော်မတီ (၉)ခုကိုလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းကို ကနဦးစီမံကိန်းနယ်မြေအဖြစ် နေပြည်တော် ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ဘားအံမြို့နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းဖြင့် မသန်စွမ်းမှုအဆင့်အလိုက် လိုအပ်သော ပံ့ပိုးမှုများကို သိရှိပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မသန်စွမ်းသူများအပေါ် ကူညီထောက်ပံ့မှုများ ထိထိရောက်ရောက် ဆောင်ရွက်လာနိုင်မည်ဖြစ်၍ မသန်စွမ်း သူများအတွက် အလွန်အကျိုးရှိစေမည်ဖြစ်သည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ရန်ပုံငွေကျပ် ၃ ဘီလီယံကို အလေအလွင့်မရှိစေဘဲ စနစ်တကျ တိုးပွားစေရေးအတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနတို့ပူးပေါင်း၍ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေကာလကို သုံးနှစ်ထုတ်ချေးပြီး ရန်ပုံငွေကိုတိုးပွားအောင် ဆောင် ရွက်လျက်ရှိသည်။ တိုးပွားလာသည့်ရန်ပုံငွေကို မသန်စွမ်းသူများ၏ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် မသန်စွမ်းသူများ အကျိုးပြု လုပ်ငန်းများတွင် ထောက်ပံ့သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နေထိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ် အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေးကြီးလှသည်။ မသန်စွမ်းသူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစား ကဏ္ဍကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရမည် ဖြစ်သည်။ မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများ၏ နိုင်ငံ့ဂုဏ်မြှင့်တင် သည့်ဆောင်ရွက်ချက်များကိုလည်း မှတ်တမ်းတင်ဂုဏ်ပြုရမည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ SURAKATA(SOLO) မြို့၌ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာ မသန်စွမ်းအားကစားသမား ၆၉ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၄)ခု၊ ငွေတံဆိပ်(၁၂)ခုနှင့် ကြေးတံဆိပ်(၁၇)ခု စုစုပေါင်း ဆုတံဆိပ်(၄၃)ခုရရှိခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံအနက် အဆင့်(၆)နေရာရရှိခဲ့သည်မှာ ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်သည်။ အားကစား သည် ကိုယ်အင်္ဂါ ကျန်းမာကြံ့ခိုင်ရေးကို အဓိကရည်ရွယ်သော်လည်း အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသဖြင့် အားကစားအဆင့်အတန်းမြင့်မားရေးသည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည်။

မြန်မာမသန်စွမ်း အားကစားသမားများအနေဖြင့် မသန်သော်လည်း စွမ်းဆောင်ရည်ရှိသူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင် ကြသူများဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကိုယ်တိုင် အောင်ပွဲရ မသန်စွမ်း အားကစားသမားများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှုင့် ပေးခဲ့သည်။ ထို့ကြောင့် မသန်စွမ်း အားကစားသမား မျိုးဆက်သစ် များကို ဆက်လက်မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာလူမျိုးတို့သည် လူသားအချင်းချင်းအပေါ်တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ ထားရှိဆက်ဆံ လေ့ရှိပေရာ မသန်စွမ်းသူများအပေါ်တွင်လည်း ပိုမိုနူးညံ့သိမ်မွေ့သော စိတ်ထားဖြင့်ဆက်ဆံလျက်ရှိသည်။ မသန်စွမ်းသူများ၏ လူနေမှု ဘဝမြင့်မားရေးအတွက် ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း ကူညီဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။   ။