ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၂၉ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိ

နေပြည်တော်  နိုဝင်ဘာ  ၂၀

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၈ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၂၉ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၉-၁၁-၂၀၂၂ ရက် ည ၈ နာရီမှ ၂၀-၁၁-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၆၀၆၂ ခုအားစစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူ နာသစ် ၁၈ ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၅၈၈၄၂၇ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၃၃၀၀၅ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၇၆ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၇၃၈၄ ဦးရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၇ ဦးရှိသည်။

ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက်  တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၁၉-၁၁-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက်  လူဦးရေစုစုပေါင်း ၃၀၇၅၃၈၀၆ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစုပေါင်း ၆၇၃၃၇၈၀ ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှု များ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၂၉ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက် သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။ 

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှု ပုံစံသစ် (New Normal) နည်းလမ်းအား လိုက်နာ၍ နေထိုင်ရမည်ဖြစ်သဖြင့်-

  • အသက်ငါးနှစ်နှင့်အထက် ပြည်သူများအားလုံးသည် ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးပါက ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက်မကွက် ခံယူကြရန်၊
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ရှိနေစဉ် ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ရန်၊
  • လက်ကိုဆပ်ပြာ၊ ရေ သို့မဟုတ် အယ်လ်ကိုဟော(အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့်(၂၀) ကြာ မကြာခဏဆေးကြောရန်၊
  • လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ်ရန်၊
  • ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်မထား ချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း  စသည့်တစ်ကိုယ်ရေ ကာကွယ်ရေးနည်းလမ်းများကို  ဆက်လက်လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။                  

 (သတင်းစဉ်)