စာပေဖြင့် တိုင်းကျိုးပြည်ကျိုးသယ်ပိုးဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်)

စာပေဖြင့် တိုင်းကျိုးပြည်ကျိုးသယ်ပိုးဆောင်ရွက်

မြန်မာစာပေသမိုင်းတွင် ရဟန်းပညာရှိ၊ လူပညာရှိများသည် ခေတ်အဆက်ဆက်ထင်ရှားစွာ ပေါ်ထွန်းခဲ့သည်။ ကျီးသဲလေးထပ် ဆရာတော်ဟုဆိုလိုက်သည်နှင့် စွယ်စုံကျော်ထင်ကျမ်းနှင့် ဇိနတ္ထပကာသနီကျမ်းကို ရေးသားခဲ့သူအဖြစ် လေးစားဦးခိုက်ရသည်။ ကျော်အောင်စံထားဆရာတော်သည် ဝေါဟာရတ္ထပကာသနီကျမ်း၊ မင်းဘူးဆရာတော်ဦးသြဘာသသည် ဇာတ်တော်ကြီး(၁၀)ဘွဲ့၊ မန်လည်ဆရာတော်သည် မဃဒေဝလင်္ကာသစ်၊ ရှင်ဥတ္တမကျော်သည် တောလားဟူ၍ တွဲဖက်မှတ်သားမိကြသည်။

ထို့အတူ ရခိုင်သူမြတ်၏ လောကသာရပျို့၊ ရှင်မဟာသီလဝံသ၏ တိလောကဆုံးမစာတို့သည် ယနေ့တိုင်လူငယ်များအတွက် ဘဝနေနည်းဟု ဆိုနိုင်သည့် ဆုံးမစာများဖြစ်သည်။ ရှင်အုန်းညိုဟုဆိုလိုက်သည်နှင့် ဂါထာခြောက်ဆယ်ပျို့၊ ရှင်မဟာရဋ္ဌသာရဟု ဆိုလိုက်သည်နှင့် ဂမ္ဘီသာရပျို့နှင့်ကိုးခန်းပျို့၊ ဆားထုံဆရာတော်ဟု ဆိုလိုက်သည်နှင့် ပုတ္တောဝါဒပျို့တို့ကို တွဲဖက်မှတ်သားမိကြ သည်မှာ အဆိုပါရဟန်းစာဆိုတော်များ၏ မြန်မာစာပေလက်ရာ အစွမ်းထက်မှုကြောင့်ဖြစ်သည်။

မြန်မာစာပေအမွေကို ရဟန်းပညာရှိ၊ လူပညာရှိအဆက်ဆက်တို့က လက်ဆင့်ကမ်း အမွေပေးထားခဲ့ခြင်းကြောင့် ယနေ့တိုင်လေ့လာ မဆုံးနိုင်အောင် ကျေးဇူးတင်ဖွယ်ဖြစ်သည်။ ရှေးမြန်မာဘုရင်မင်းများလက်ထက်က နတ်တော်လတွင် စာဆိုတော်များအပါအဝင် မင်းမှုထမ်းများကို ဘွဲ့ထူးဂုဏ်ထူးများချီးမြှင့်သည့် အစဉ်အလာရှိခဲ့သည်။ နတ်တော်လသည် သဘာဝပတ်ဝန်းကျင်သာယာသည်။ ထို့ကြောင့် နတ်တော်လ၏ ရာသီပွဲကိုစာဆိုတော်ပွဲဟု သတ်မှတ်ရန်အဆိုပြုကြသည်။ ကိုလိုနီခေတ်ရောက်သောအခါ စာရေးဆရာ အသင်းပေါ်ပေါက်လာသည်နှင့်အတူ နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ကို စာဆိုတော်နေ့အဖြစ်သတ်မှတ်သည်။

မြန်မာနိုင်ငံတွင် အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆု၊ ပခုက္ကူဦးအုံးဖေဆု၊ ဆရာဝန်တင်ရွှေဆု၊ သုတစွယ်စုံစာပေဆုနှင့် ထွန်းဖောင်ဒေးရှင်းစာပေဆုတို့ကို ပေးအပ်ချီးမြှင့်လျက်ရှိသည်။ ထို့ပြင် အရှေ့တောင် အာရှစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာ ဆုတို့ကိုလည်း ချီးမြှင့်လျက်ရှိသည်။ စာပေဝါသနာရှင်၊ ပညာရှင်တို့အတွက် အထက်ပါစာပေဆုများသည် လွန်စွာတန်ဖိုးရှိလှသည်။ မိမိတို့၏ စာပေအရည်အသွေးကို အကဲဖြတ်ကာ ချီးမြှင့်ခြင်း၊ မိမိတို့၏စာပေဘဝဖြတ်သန်းမှုကို တန်ဖိုးထားခြင်းတို့ကြောင့် အဆိုပါ ဆုများမှာရရှိ သူများအတွက် အလေးအနက် တန်ဖိုးထားဖွယ်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံးအားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ် ပြုသောအားဖြင့် စာပေပညာရှင်ကြီးလေးဦးကို အမျိုးသားစာပေ တစ်သက်တာဆုကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ပထမအကြိမ် ထုတ်ဝေခဲ့သည့် စာအုပ်များမှအမျိုးသားစာပေဆုကိုလည်းကောင်း၊ စာပေဗိမာန်စာမူဆုအတွက် တင်သွင်းလာသော စာမူများမှ စာပေဗိမာန်ဆုကိုလည်းကောင်း အောက်တိုဘာ ၂၀ ရက်တွင်ထုတ်ပြန်ကြေညာခဲ့သည်။

အခြားသောစာပေဆုများမှာ သက်ဆိုင်ရာအဖွဲ့အစည်း၏ သတ်မှတ်သည့်ရက်များတွင် ပေးအပ်လေ့ရှိသော်လည်း အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာမူဆုတို့မှာမူ  နှစ်စဉ်နတ်တော်လဆန်း  ၁ ရက် စာဆိုတော်နေ့တွင် နိုင်ငံတော် အဆင့် အခမ်းအနားကျင်းပကာ ဆုများပေးအပ်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍မရနိုင်သလို အတတ်ပညာတစ်ခုတည်းဖြင့်လည်း တည်ဆောက်၍ ရနိုင်မည်မဟုတ်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်ခုစလုံး ပေါင်းစပ်ဆောင်ရွက်နိုင်မှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော လူ့ဘောင် အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပေမည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည်ဖြင့် နယ်ပယ်ပေါင်းများစွာတွင် ပညာနှင့်ဗဟုသုတ သာလွန်သူတို့က ဦးဆောင်နေသည်မှာ မငြင်းနိုင်သောအချက်ဖြစ်သည်။ နိုင်ငံတိုင်းသည် လူသားအရင်းအမြစ် ကြွယ်ဝရေးကို ဦးစားပေးဆောင်ရွက် လျက်ရှိကြသည်။ ပညာသည်ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ဝန်းလှသဖြင့် မိမိအတွက်သာမက မိမိနိုင်ငံအတွက် အသိပညာ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာလိုက်စားနေကြရမည်ဖြစ်သည်။

စဉ်ဆက်မပြတ် လေ့လာလိုက်စားနိုင်ရေးအတွက် စာပေများကို လေ့လာဖတ်ရှုနေရမည်ဖြစ်သည်။ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်(ပထမပိုင်း)နှင့် ကုန်းဘောင်ခေတ်(ဒုတိယပိုင်း)၊ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ်ကာလ၊ ၁၉၄၈ ခုနှစ်မှ မျက်မှောက်ကာလတစ်လျှောက် ပေါ်ထွန်းခဲ့သောစာပေများမှာ ဖတ်ရှု၍ မကုန်နိုင်ဖွယ် ဖြစ်သည်။ စာပေမြင့်မှ ပြည်ဂုဏ်တင့်မည်ဆိုသည့်အတိုင်း စာပေဖြင့် တိုင်းကျိုးပြည်ကျိုး သယ်ပိုးဆောင်ရွက် နေကြသူများ ပေါ်ထွန်းနေသရွေ့ မြန်မာနိုင်ငံသည် ဂုဏ်တင့်နေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။