ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁ ဦးတွေ့ရှိ

နေပြည်တော် နိုဝင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၁ ဦးတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၂၂-၁၁-၂၀၂၂ ရက် ည ၈ နာရီမှ ၂၃-၁၁-၂၀၂၂ ရက်ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၇၀၆၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၁ ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၆၁၁၄၆၃ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၃၃၀၉၆ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက် ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၄၃ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၆၀၇၅၃၈ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၈ ဦး ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၂-၁၁-၂၀၂၂ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၃၀၇၅၆၈၈၅ ဦးနှင့် အသက် ၁၈ နှစ်အောက် လူဦးရေစုစုပေါင်း ၆၇၄၁၄၃၂ ဦးတို့အား ထိုးနှံထားရှိပြီးဖြစ်သည်။

ယခုအခါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ဖြစ်ပွား၊ သေဆုံးမှုအနေဖြင့် လျော့နည်းကျဆင်းလာလျက်ရှိပြီး  မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ်မှ နေ့စဉ်ဓာတ်ခွဲ စစ်ဆေးမှုများ၌ ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ၃၂ ရက်ဆက်တိုက် ၂ ရာခိုင်နှုန်းအောက်သို့ ကျဆင်းလျက်ရှိကြောင်း တွေ့ရှိရသည်။

သုတေသနတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက် ကုသခံယူရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံ တက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါနှင့်အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာတွင် နေထိုင်မှု ပုံစံသစ်(New Normal)နည်းလမ်းအား လိုက်နာ၍နေထိုင်ရမည်ဖြစ်သဖြင့် -

  • အသက်(၅)နှစ်နှင့်အထက် ပြည်သူများအားလုံးသည်  ကျန်းမာရေးဝန်ကြီးဌာနမှ အခမဲ့ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့်ပြီးပါက ထပ်ဆောင်း ကာကွယ် ဆေးများ ထိုးနှံခြင်းတို့ကို နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ မပျက် မကွက်ခံယူကြရန်၊
  • အလုံပိတ်အခန်းများ၊ လူထူထပ်သောနေရာများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ရှိနေစဉ် ပါးစပ်နှင့် နှာခေါင်းစည်းကို   စနစ်တကျတပ်ဆင်ရန်၊
  • လက်ကို ဆပ်ပြာ၊ ရေ သို့မဟုတ် အယ်လ်ကိုဟော (အနည်းဆုံး ၆၀ ရာခိုင်နှုန်း) ပါဝင်သော လက်သန့်ဆေးရည်ဖြင့် စက္ကန့် (၂၀) ကြာ မကြာခဏဆေးကြောရန်၊
  • လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊
  • တတ်နိုင်သမျှ လူစုလူဝေးရှောင်ကြဉ် ရန်၊
  • ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင် မထားချိန်၌ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ချောင်းဆိုး၊ နှာချေခြင်း စသည့် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက် အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

(သတင်းစဉ်)