ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၂၃

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ယနေ့ မွန်းလွဲပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသော Dr. Thushara Eraj Indranath Fernando ဦးဆောင်သော အဖွဲ့ကို  နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် နှစ်ပေါင်းများစွာ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း နှုတ်ခွန်းဆက်ပြောကြား၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် ဆေးကုသမှု ပညာရပ်များ သင်တန်းပေးနိုင်ရေးကိစ္စ၊ ကင်ဆာရောဂါဓာတ်ရောင်ခြည်နှင့် အဏုမြူရောင်ခြည်ဆေးကုသမှုဆိုင်ရာ သင်တန်းများ စီစဉ်ဆောင်ရွက်နိုင်ရေးကိစ္စ၊ တိုးချဲ့ကာကွယ်ဆေးများထိုးနှံရေး၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက် ကြ ကြောင်းသိရသည်။         

(သတင်းစဉ်)