ဂလေဇာမိသားစုက မန်ယူအသင်းကို ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း ကြေညာပြီးနောက် ဒူဘိုင်းစော်ဘွား တစ်ဦးက ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေ

ဂလေဇာမိသားစုက မန်ယူအသင်းကို ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း ကြေညာပြီးနောက် ဒူဘိုင်းစော်ဘွား တစ်ဦးက ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေ

မန်ယူအသင်းကို ပိုင်ဆိုင်ထားသည့်    ဂလေဇာ မိသားစုက မန်ယူအသင်းကို ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း အတည်ပြုကြေညာပြီးနောက်  ဒူဘိုင်းစော်ဘွားတစ်ဦးက စတာလင်ပေါင် ၁၀ ဘီလီယံဖြင့် ဝယ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း  သိရ သည်။

မန်ယူအသင်းသည်   စီရော်နယ်ဒိုနှင့်   နှစ်ဖက်စာချုပ်ဖျက်သိမ်းပြီး လမ်းခွဲရန်သဘောတူညီမှု ရရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင်  မန်ယူအသင်းကိုရောင်းချမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနှင့် စီရော်နယ်ဒိုတို့၏ ဆက်ဆံရေး မပြေလည်မှုများ စတင်ချိန်မှ အသင်းရှယ်ယာဈေးနှုန်းများ ကျဆင်းလာခဲ့သည့်အတွက် အသင်းကို အဓိက စပွန်ဆာပေးထားသော Team  Viewer က  မန်ယူ အသင်းနှင့် စပွန်ဆာ စာချုပ်ကို ဖျက်သိမ်းရန် ပြင်ဆင်နေကြောင်း    သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဂလေဇာ မိသားစုကလည်း မန်ယူအသင်းကို ပြန်လည် ရောင်းချရန် ကြေညာခဲ့ခြင်းဖြစ်သည်။

ဂလေဇာမိသားစုသည် မန်ယူအသင်းကို ၂၀၀၃ ခုနှစ်က စတာလင်ပေါင် သန်း  ၇၆၀ ဖြင့် ဝယ်ယူ ခဲ့ခြင်းဖြစ်သော်လည်း ၎င်းင်းတို့က ချေးငွေများဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည့်အတွက် နှစ်စဉ်အသင်းဝင်ငွေ များထဲမှ  ချေးငွေများကို  ပြန်ဆပ်ခဲ့ရသည့်အပြင်  အသင်းထံ ငွေကြေးရင်းနှီးမြှုပ်နှံမှုမပြုလုပ်ဘဲ နှစ်စဉ် အမြတ်ငွေအဖြစ် စတာလင်ပေါင်  သန်း ၅၀ ခန့် ထုတ်ယူခဲ့သည့်အတွက်   နောက်ပိုင်းနှစ်များတွင် မန်ယူအသင်း၏ ကြွေးမြီများ   ပိုမိုမြင့်တက်လာခဲ့ သည်။

လက်ရှိ  Forbes က ထုတ်ပြန်ထားသည့် မန်ယူအသင်း၏ ဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် ၅ ဘီလီယံခန့်သာ ရှိသော်လည်း  ဒူဘိုင်းစော်ဘွားတစ်ဦးက  မန်ယူအသင်းကို   စတာလင်ပေါင် ၁၀ ဘီလီယံဖြင့် ဝယ်ယူရန်   ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Ref;Manchester Evening News