မလေးရှားဝန်ကြီးချုပ်အဖြစ် အန်နဝါအီဘရာဟင် ကျမ်းသစ္စာကျိန်ဆို

မလေးရှားဝန်ကြီးချုပ်အဖြစ် အန်နဝါအီဘရာဟင် ကျမ်းသစ္စာကျိန်ဆို

မလေးရှားနိုင်ငံတွင် နိုင်ငံရေးအခြေအနေရှေ့မတိုး၊ နောက်မဆုတ်သာဖြစ်ပွားနေချိန်တွင် အတိုက်အခံခေါင်းဆောင် အန်နဝါအီဘရာဟင်က   ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း  တော်ဝင်နန်းတော်က နိုဝင်ဘာ  ၂၄  ရက်တွင် ထုတ်ပြန်သည်။

အန်နဝါသည်  နိုဝင်ဘာ  ၂၄ ရက် ဒေသစံတော်ချိန်  ညနေ ၅ နာရီတွင် ဘုရင်ဆူလ်တန်အဗ္ဗဒူလာဆူလ်တန် အာမက်ရှား ရှေ့မှောက်တွင်  ကျမ်းသစ္စာကျိန်ဆိုခြင်းဖြစ်ပြီး နန်းတော်က ထုတ်ပြန်သည့်ကြေညာချက်တွင်   ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင်  ပြီးခဲ့သည့်ရက်သတ္တပတ်အကုန်ပိုင်းက  ကျင်းပသည့်ကြားဖြတ်ရွေးကောက်ပွဲ၌ မည်သည့်နိုင်ငံရေးပါတီကမျှ   အစိုးရဖွဲ့နိုင်ရေးအတွက် လိုအပ်သည့် မဲအရေအတွက်မရရှိခဲ့ခြင်းကြောင့် နိုင်ငံရေး အခြေအနေမှာ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေတွင် ရှိနေစဉ် ဘုရင် ဆူလ်တန်အဗ္ဗဒူလာဆူလ်တန်အာမက်ရှားက နန်းတော်မှတာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် အန်နဝါအား နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အန်နဝါ၏   ညွန့်ပေါင်းပါတီသည် အဆိုပါရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာ ၈၂ နေရာသာရရှိခဲ့သည်။

သို့သော် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ဘုရင်က  ထောက်ခံမဲအများစုကို ရရှိသည်ဟုယူဆခံရသူ လွှတ်တော်အမတ်ကို ဝန်ကြီးချုပ်အဖြစ်  ဆုံးဖြတ်ခန့်အပ်ခွင့်ရှိသည်။

နိုင်ငံ၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုရှိသော အစိုးရတစ်ရပ်လိုအပ်ကြောင်း၊ ထို့ကြောင့် အစိုးရသစ်အနေဖြင့် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးကို ထမ်းဆောင်ရေးအတွက်   ဦးစားပေး လုပ်ဆောင်ရန်  ဘုရင်ကတိုက်တွန်းထားကြောင်း သိရသည်။     

            Ref: CNA