စွမ်းအင်ကဏ္ဍကို အကြောင်းပြု နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံမှုအား ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းလာသည့်အမေရိကန်

စွမ်းအင်ကဏ္ဍကို အကြောင်းပြု နှစ်နိုင်ငံကာကွယ်ရေးဆက်ဆံမှုအား ပြန်လည်ကောင်းမွန်စေရန် ကြိုးပမ်းလာသည့်အမေရိကန်

အမေရိကန်အစိုးရသည်   အာရှဒေသတွင်းနိုင်ငံများနှင့် လုံခြုံရေး၊ စီးပွားရေးဆက်ဆံမှုကို တိုးမြှင့်သည့်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံတွင် နျူကလီးယားစက်ရုံများ တည်ဆောက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

အမေရိကန်ဒုတိယသမ္မတ ကာမာလာဟားရစ်သည် ဖိလစ်ပိုင်နိုင်ငံသို့ ပြီးခဲ့သည့်ရက်သတ္တပတ် အကုန်ပိုင်းက ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်း၏ခရီးစဉ်အတွင်း ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ၊ ဒုတိယသမ္မတ ဆာရာဒူတာတေးတို့နှင့် မနီလာမြို့တော်၌တွေ့ဆုံခဲ့သည်။

အမေရိကန်အစိုးရသည်  ၎င်းင်းတို့၏ကိုယ်ပိုင်နည်းပညာကိုအသုံးပြု၍ ဖိလစ်ပိုင် နိုင်ငံတွင်    နျူကလီးယား စက်ရုံများ တည်ဆောက်ပေးနိုင်ရန်ကြိုးပမ်းနေခြင်း ဖြစ်သည်။

ကာမာလာသည် ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းကလည်း ထိုင်းနိုင်ငံသို့ သွားရောက်၍ စွမ်းအင်ကဏ္ဍ၌ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်၏စွမ်းအင်ကဏ္ဍမိတ်ဖက်ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်အရ အမေရိကန်က ထိုင်းနိုင်ငံတွင် နျူကလီးယားစက်ရုံအသေးစားများတည်ဆောက်ရန် အကူအညီပေးမည်ဖြစ်သည်။

အမေရိကန်နှင့်  ဖိလစ်ပိုင်တို့ကြားအရပ်ဘက်သုံး  နျူကလီးယားစွမ်းအင် သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရန် ကြိုးပမ်းမှုသည် ဖိလစ်ပိုင်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် အထောက်အကူပြုစေရန်ဖြစ်သည်ဟု ပြောကြားထားသော်လည်း နှစ်နိုင်ငံကြားသဘောတူညီချက်တစ်ရပ်ကို တရားဝင်ချမှတ်နိုင်ပါက အမေရိကန်အနေဖြင့် ၎င်းတို့၏ နျူကလီးယားစက်ရုံနှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာများကို တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။

ထို့ပြင် ကာမာလာ၏ခရီးစဉ်တွင် အခြားရည်ရွယ်ချက် ရှိနေသေးသည်ဟု ဆိုနိုင်သည်။

ဖိလစ်ပိုင်နိုင်ငံသည်  အမေရိကန်၏ သက်တမ်းအကြာမြင့်ဆုံးသော မိတ်ဖက်နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ဖိလစ်ပိုင်တွင် သမ္မတဟောင်းဒူတာတေး တက်ရောက်လာပြီးချိန်မှစ၍ အမေရိကန်နှင့်ဖိလစ်ပိုင် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ယိုယွင်းလာခဲ့ရသည်။

ယခုဖိလစ်ပိုင်အစိုးရသစ်လက်ထက်တွင် အမေရိကန်အစိုးရသည် နှစ်နိုင်ငံကြား ဆက်ဆံရေး၊ အထူးသဖြင့် ကာကွယ်ရေးအရ  ဆက်ဆံမှုကိုတိုးမြှင့်ရန် ပြန်လည်ကြိုးပမ်းလာခြင်းဖြစ်သည်။

ထို့ကြောင့် ကာမာလာ၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်သည်ဟု ဆိုသော်လည်း  အမေရိကန်၏အခြား ရည်ရွယ်ချက်မှာ နှစ်နိုင်ငံကြား အေးစက်ခဲ့သည့် ကာကွယ်ရေးအရ   ဆက်ဆံမှုကို ပြန်လည်ကောင်းမွန် လာစေရန်အတွက် ဖြစ်သည်ဟု ဆိုနိုင်သည်။

အဘယ့်ကြောင့်ဆိုသော်  ဂျိုးဘိုင်ဒင် ဦးဆောင်သည့်  အမေရိကန်အစိုးရသည် အရှေ့တောင်အာရှတွင် တရုတ်၏လွှမ်းမိုးမှု ကြီးထွားလာခြင်းနှင့် တရုတ်(တိုင်ပေ)အရေးနှင့် စပ်လျဉ်း၍ ပဋိပက္ခတစ်ရပ် ဖြစ်ပေါ်လာမည်ကို  စိုးရိမ်မကင်းဖြစ်နေသောကြောင့်ပင်ဖြစ်သည်။

ကာမာလာသည်  ၎င်း၏ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဖိလစ်ပိုင်နှင့်တရုတ်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်ရှိ  ပါလာဝမ်သို့သွားရောက်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။

လက်ရှိဖိလစ်ပိုင် သမ္မတမားကို့စ်သည် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒအတွက် မျှော်လင့်မထားသည့် မဟာဗျူဟာမြောက် မဟာမိတ်တစ်ဦးအဖြစ် ဂျိုးဘိုင်ဒင်နှင့် ၎င်း၏အမျိုးသားလုံခြုံရေး အကြံပေးများက ရှုမြင်လျက်ရှိသည်။

ထို့ကြောင့် ဖိလစ်ပိုင်နှင့်ဆက်ဆံရေး ကောင်းမွန်ခြင်းသည်  တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် အမေရိကန်အား များစွာ အထောက်အကူပြုနိုင်သည်ဟု အမေရိကန် အစိုးရအဖွဲ့မှအရာရှိများက  ယူဆနေသည်။

ထို့ကြောင့်  ကာမာလာ၏ ဖိလစ်ပိုင်ခရီးစဉ်သည် နှစ်နိုင်ငံကြားဆက်ဆံရေးတွင် ထူးခြားသော အလှည့်အပြောင်းတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်ဟု  ပြောကြားမှုများ ထွက်ပေါ်လာခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် သမ္မတဟောင်းဒူတာတေးလက်ထက်တွင် အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏   ဆက်ဆံရေးသည် အလွန်ကျဆင်းခဲ့ပြီး ဒူတာတေးအစိုးရသည် တရုတ်နိုင်ငံနှင့် နီးစပ်လွန်းသောကြောင့် အမေရိကန်အစိုးရအား  စိတ်ပျက်စေခဲ့သည်။

ဒူတာတေးသည်  ယခင်အမေရိကန်သမ္မတဟောင်းဘားရက် အိုဘားမားအပေါ် ဆိုးဆိုးရွားရွားဝေဖန် ပြောဆိုခဲ့သည်အထိ ဆက်ဆံရေးမှာ ကျဆင်းသွားခဲ့ရသည်ကို တွေ့ရမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်အစိုးရသည် ဖိလစ်ပိုင်အစိုးရသစ်လက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တိုးတက်လာစေရန်အတွက် ကြိုးပမ်းလာခြင်းဖြစ်သည်။

ဖိလစ်ပိုင်တွင်ကျင်းပသည့် ရွေးကောက်ပွဲ၌ မားကို့စ်အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မားကို့စ်အားဖုန်းဖြင့်ဆက်သွယ်၍ အောင်မြင်မှုအတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

လက်ရှိအာရှနိုင်ငံများ၊  အထူးသဖြင့် အရှေ့တောင် အာရှနိုင်ငံများ၏ အခြေအနေကိုလေ့လာမည်ဆိုပါက အင်အားကြီးထွားလာသည့်တရုတ်နိုင်ငံအား တန်ပြန်ရန်အတွက် အမေရိကန်၏ မဟာမိတ်ဖွဲ့စည်း မှုတွင်ပါဝင်ရန် အရှေ့တောင်အာရှနိုင်ငံအတော်များများက တွန့်ဆုတ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ယခုအခါ စစ်အင်အား ကြီးထွားလာရုံသာမက ယင်းနိုင်ငံများ၏ အဓိကကုန်သွယ် ဘက်နိုင်ငံနှင့် အရေးပါသည့်ရင်းနှီးမြှုပ်နှံသူအဖြစ် ရပ်တည်နေသောကြောင့်ဖြစ်သည်။

အမေရိကန်အစိုးရသည် မဟာမိတ်နိုင်ငံများ ဖြစ်ကြသည့် ဂျပန်နှင့်တောင်ကိုရီးယားတို့နှင့်  ပေါင်းစည်း ထားနိုင်သော်လည်း တရုတ်ထိန်းချုပ်ရေး  မဟာဗျူဟာကို ဖော်ဆောင်ရေးအတွက် အရှေ့တောင် အာရှနိုင်ငံများနှင့်  ထိတွေ့ဆက်ဆံရာတွင် သံသယမကင်း ဖြစ်မှုများနှင့် ကြုံတွေ့နေရသည်။

ထို့ကြောင့် ဂျိုးဘိုင်ဒင်သည် ပထမဆုံးအကြိမ်အဖြစ်    အာဆီယံနိုင်ငံများမှခေါင်းဆောင်များကို ယခုနှစ်မေလအတွင်းက အိမ်ဖြူတော်သို့ ဖိတ်ကြား၍  တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် လာမည့် ၂၀၂၃ခုနှစ်တွင် အာဆီယံဒေသအတွက် ဒေါ်လာသန်း ၈၀၁ အသုံးပြုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရပါမူ အရှေ့တောင်အာရှနိုင်ငံများအား ဆွဲဆောင်လိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။

ထို့ပြင် ဂျိုးဘိုင်ဒင်ကိုယ်တိုင်   ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့သွား ရောက်ခဲ့သည်။

ထို့ကြောင့်  အမေရိကန်ဒုတိယသမ္မတကာမာလာ၏  ဖိလစ်ပိုင်ခရီးစဉ်သည် စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးထက် လုံခြုံရေးနှင့်ကာကွယ်ရေးအရ ဆက်ဆံမှု တိုးတက်လာစေရန်နှင့်  ဆိုးရွားခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးအား ပြန်လည်အဖတ်ဆယ်ရန်အတွက်   လုပ်ဆောင်ခဲ့သည့် ကြိုးပမ်းမှု တစ်ရပ်ဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

Ref: RT, ST