ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်ပြီးစီး

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့်ပြီးစီး

 ဂျပန်အပြည်ပြည်ဆိုင်ရာ    ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)  ၏ တရားဝင်ဖွံ့ဖြိုး တိုးတက်မှု အကူအညီပေး ရေး ချေးငွေ(ODA Loan)ဖြင့်  ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း နည်းတူ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းကိုလည်း    အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း  မြန်မာ့မီးရထားမှ  သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်းအထိ မောင်းနှင် နိုင်စေရန် ရထားလမ်း၊ ရထားတွဲဆိုင်းနှင့် ရထားအချက်ပြစနစ်များကို  နိုင်ငံတကာ အဆင့်မီ  ဆောင်ရွက်လျက်ရှိပြီး  ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဖော် ဆောင်ခဲ့သော  ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသည် လက်ရှိတွင် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

“ရထားလမ်းတစ်လျှောက်မှာ အရင်ကလို အဆက်တွေနဲ့မဟုတ်ဘဲ ဂဟေဆက်ထားပြီး  နိုင်ငံတကာအဆင့်မီ စနစ်တကျ ဆောင်ရွက်ထားပါတယ်။ တွဲဆိုင်းတွေကိုလည်း  ဂျပန်နိုင်ငံထုတ်  လေအေးပေးစက် ပါတဲ့    လေအိတ်တွဲဆိုင်း အသစ်တွေနဲ့ ပြေးဆွဲပေးမှာဖြစ်ပါတယ်။ ဒါ့ပြင် ရထားအချက်ပြတွေကိုလည်း အလိုအလျောက် အချက်ပြစနစ်ကို    တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်”ဟု မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး    သူရဦးအောင်မျိုးမြင့် ကပြောသည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအဆင့် မြှင့်တင်ခြင်းကို  ၂၀၂၄  ခုနှစ် မေ  ၃၁ ရက်တွင်   အပြီးဆောင်ရွက်မည်ဖြစ်ပြီး   ယင်းနောက်တွင်  အဆင့်(၂)  ဖြစ်သော တောင်ငူ-မန္တလေးရထား လမ်းပိုင်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းကို ဆက်လက်ဆောင် ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန် - မန္တလေးရထား လမ်းပိုင်း၏ ပုလိပ်ဘူတာနှင့်    မြစ်ငယ်ဘူတာကြား မိုင်တိုင်အမှတ်  (၃၇၆  မိုင် ၂ ဖာလုံ)မှ (၄) ဖာလုံအတွင်း  မြစ်ငယ်မြစ် ခေါ် ဒုဋ္ဌဝတီ မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည့် အလျား   ၇၂၁  ပေခန့်ရှိသော   ရထားအစုန်၊ အဆန်တံတားနှစ်စင်း ရှိကြောင်း သိရသည်။

အဆန်တံတားကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်က အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၁၉ ရက်က  တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ အစုန်တံတားကို ၂၀၁၉-၂၀၂၀  ဘဏ္ဍာနှစ်က အသစ်ပြန် လည်တည်ဆောက်ခဲ့ရာ  လက်ရှိတွင်  ၈၈ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ၂၀၂၃ ခုနှစ် မတ်လတွင်  အပြီးတည်ဆောက်ရန်  ရည်မှန်းထားကြောင်း သိရသည်။